Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 24, Thursday - March 2016
၂၀၁၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၂၃

          ၂၀၁၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲမဟာမင်္ဂလာအခမ်းအနားကို ၂၃-၃-၂၀၁၆ ရက်နေ့၊ ၁၃ ၀၀ အချိန်တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီ​တော်ပရိဝုဏ်ရှိ မဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း တက်ရောက်ကြည်ညိ၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူသည်။

          ရှေးဦးစွာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ကျင်းပရာ သာသနာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်အောင် က အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို ဖွင့်လှစ်သည်။

          ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရ ဘိဝံသထံမှ နိုင်ငံတော်သမ္မတနှင့်ပရိသတ်များက ငါးငါးသီလခံယူဆောက်တည်ကြသည်။

          ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျိုက်ပိကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂုဏေသနက သမ္မောဒနီယ ဩဝါဒကထာကို ဖတ်ကြားချီးမြှင့်တော်မူပြီး သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

          ထို့နောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းကြရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့ ဝေဠုဝန်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မဟာဓမ္မိကာရုံပရိယတ္တိစာသင်တိုက်(ကျိုက်ပိ)ဆရာတော် ဘဒ္ဒန္တဂုဏေသနတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းသည်။

          ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇနိယနှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဒုမာဘိဝံသတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းသည်။

          ဆက်လက်၍ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ချမ်းသာကြီးကျောင်းတိုက် သာသနာ့ဂုဏ်ရည် ဆရာတော် ဘဒ္ဒန္တပညိဿရာဘိဝံသနှင့် တိပိဋကဓရဓမ္မာ ဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်ရ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းသည်။

          ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ကန်မိန်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒနှင့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပန်းငွေရုံတောရပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသုမနတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နတ်မှော်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိဿရနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လှည်းဆိပ်စံပြကျေးရွာ၊ မနောဟရီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလတို့အား လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသိနာရုံမြို့၊ မြန်မာဗုဒ္ဓဘာသာကျောင်းတိုက် ဉာဏာဝါသဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂယာမြန်မာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒတို့အား လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။

          ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ)တို့က အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ သဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဓမ္မကထိကဗဟုဇနဟိတဓရနှင့် ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ဇနီး ဒေါ်ခင်အေးမြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှတို့က အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် သာသနာနုဂ္ဂဟဘွဲ့နှင့် သာသနာပြုဘွဲ့တံဆိပ်တော်ရရှိကြသူများအား ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ပေးအပ်ကြရာ ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ ဦးကျော်ခင်မြင့်နှင့် သီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ရ ဦးစိုးသိမ်းနှင့် ဦးစိုးနိုင်တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်တို့ကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဒုတိယသမ္မတဦးဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က သီဟသုဓမ္မမဏိဇောတဓရ၊ သုဓမ္မမဏိဇောတဓရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်ရရှိကြသူများအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတဦးဉာဏ်ထွန်း၏ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး နန့်ကြင်ကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ သီဟသုဓမ္မသိင်္ဂီနှင့် သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရရှိကြသူများအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ နိုင်ငံတော်သမ္မတနှင့် ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်  ဇနီးဒေါ်ခင်ခင်ဝင်းတို့နှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီတို့မှ အကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များမှ ဘာသာရေးနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဓါကြည်ဖြူစွာလောင်းလှူ ပူဇော်ခဲ့ကြပါသည်။

          အခမ်းအနားတွင် သံဃာတော် ၁၅၂ ပါး၊ သီလရှင်ဆရာကြီး ၇ ပါး၊ လူပုဂ္ဂိုလ်အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၃၇ ဦးတို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ကြသည်။