Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 06, Wednesday - July 2016
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Ms. Yanghee Lee က နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇွန် ၃၀

၁။      ထိုသို့တွေ့ဆုံရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အတွက် အရေးကြီးသောလူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းကို တာဝန်ယူရသည့် အဆွေတော်ကို ဂုဏ်ယူ ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပြောကြားပါသည်။

၂။      မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ဧည့်သည်တော်က ပြည်ထောင်စု ဝန်ကြီး၏ဦးဆောင်မှုဖြင့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သိရှိလိုပါကြောင်း ပြောကြား ပါသည်။

၃။      ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များမှာ ဤဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်း အတိုင်းဖြစ်ပြီး ဘာသာပေါင်းစုံချစ်ကြည်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့ကို ပြန်လည်အသက်သွင်းရန် မေလအတွင်း မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့၌ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့(ဗဟို)နှင့် တွေ့ဆုံခဲ့ပြီး ဘာသာအချင်းချင်းဖိနှိပ်မှု၊ အနိုင်ကျင့်မှုပပျောက်ရေး ဆွေးနွေး ခဲ့ကြောင်း ပြောကြားပါသည်။

၄။    ဧည့်သည်တော်က မြန်မာနိုင်ငံတွင် ဘာသာဝင်များအကြား အမုန်းတရားပပျောက်ရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် အသုံးတည့်မည့်နည်းလမ်းကို သိရှိလိုကြောင်းမေးမြန်းဆွေးနွေးပါသည်။

၅။      ပြည်ထောင်စုဝန်ကြီးက အမုန်းစကားများသည် ဘာသာရေးပဋိပက္ခဖြစ်စေသည့် အခြေခံ အရင်းအမြစ်များဖြစ်သောကြောင့် မေလတွင် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့(ဗဟို)နှင့် ဆွေးနွေးပွဲ၌ ဘာသာပေါင်းစုံအဖွဲ့များစုပေါင်း၍ အမုန်းစကားများ ကာကွယ်ရေးဥပဒေကြမ်းရေးဆွဲရန် တာဝန်ပေးအပ် ထားပါကြောင်း ပြောကြားပါသည်။

၆။     ဧည့်သည်တော်က ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်တွင် မွတ်စလင်ဈေးသည် တစ်ဦးအား မောင်းထုတ်ခဲ့သည့်ဖြစ်စဉ်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးပါသည်။

၇။     ပြည်ထောင်စုဝန်ကြီးက ယင်းကိစ္စစုံစမ်းရန် စေလွှတ်ခဲ့သော်လည်း အချိန်နောက်ကျသွားသဖြင့် ဖြစ်စဉ်တွင် ပါဝင်သူများကို မတွေ့ရတော့ကြောင်း၊ ရဟန်းတော်များ ဥပဒေချိုးဖောက်လျှင် အရေးယူလျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် သံဃာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ရဟန်းအတုအယောင်များနှင့် ဘာသာရေးအသုံးချလှုံ့ဆော်သူများကို အရေးယူလျက်ရှိကြောင်း ပြောကြားပါသည်။

၈။        ဧည့်သည်တော်က ကရင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် မွတ်စလင်ဗလီတို့ အနီးတွင် စေတီများ ကျူးကျော်တည်ထားခြင်းကိစ္စကို မေးမြန်းဆွေးနွေးပါသည်။

၉။        ပြည်ထောင်စုဝန်ကြီးက စေတီတည်ထားမှုသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်းတော ကျေးရွာတွင်ဖြစ်ပြီး သိမ်အဆောက်အဦတစ်လုံးလည်း ပါဝင်ပါကြောင်း၊ ဘုရားကျောင်းနှင့် စေတီသည် ပေ ၁၀၀ ခန့် ကွာဝေးကြောင်း၊ ၎င်းဖြစ်စဉ်ကို မိမိကိုယ်တိုင်သွားရောက်၍ စစ်ဆေးပြီး ဆရာတော်များ၊ ဘာသာပေါင်းစုံခေါင်းဆောင်များ၊  ရွာဝန်းကျင်ရှိ ရွာလူကြီးများနှင့် အင်္ဂလီကန်ဘုန်းတော်ကြီးများကို ဖိတ်ကြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တည်ထားပြီး စေတီ အဆူ ၇၀ ခန့်အနက် စေတီ တစ်ဆူသည် မွတ်စလင်ဗလီဝင်းခြံဘေးရှိ လမ်းဘေးတွင် တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုစေတီတည်ထားခဲ့သော မြေနေရာများသည် လွန်ခဲ့သော နှစ် ၅၀ ခန့်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမြေနေရာဖြစ်ခဲ့ကြောင်း၊ ထိုစဉ်က သောင်းကျန်းသူများဖျက်ဆီးပြီး အင်္ဂလီကန် ဘုရားကျောင်းကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းဒေသတွင် ဗုဒ္ဓဘာသာ ကရင်လူမျိုး ၇၅ %၊ ခရစ်ယာန် ၂၀% နှင့် မွတ်စလင် ၅% ရှိကြောင်း၊ ဆွေးနွေးချက်အရ အင်္ဂလီကန်ဘုန်းတော်ကြီးများက ၎င်းတို့၏ဘုရားကျောင်းကို ဖျက်ဆီးခြင်းမပြုရန်နှင့် ခရစ်ယာန်ဘာသာဝင်များကိုလည်း ဆက်လက်ဝတ်ပြုခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ကလည်း ၎င်းဘုရားကျောင်း ဆက်လက်တည်ရှိနေရေး အာမခံသည်ဟု ပြောကြားပါသည်။

၁၀။        ဧည့်သည်တော်က ချင်းပြည်နယ်၌ ဘုရားကျောင်းနှင့် လက်ဝါးကပ်တိုင်များကို ဖျက်ဆီးခြင်း ခံရသည်ဟု ကြားသိရကြောင်း ပြောကြားပါသည်။

၁၁။        ပြည်ထောင်စုဝန်ကြီးက မိမိသည် ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဗဟို ကော်မတီဝင်အဖြစ်လည်းကောင်း၊ ချင်းပြည်နယ်ကိုယ်စားလှယ်အဖြစ်လည်းကောင်း ၁၈ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ ထို့အပြင် ယခင်သာသနာရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူ ခဲ့ကြောင်း၊ ထိုသို့ တာဝန်ယူစဉ် ချင်းပြည်နယ်ရောက်တိုင်း ဘုရားကျောင်းများသို့ သွားရောက်ကြည့်ရှု၍ ဘုရားကျောင်းများ ကျဉ်းနေပါက ချဲ့ရန်၊ ခေါင်မိုးများ ဆွေးနေပါက အသစ်လဲရန်၊ ပျဉ်ကာများကို အုတ်ဖြင့် ပြန်လည်မွမ်းမံရန် အကြံပြုကူညီခဲ့ကြောင်း၊ ဘုရားကျောင်းများကို ဖျက်ဆီးခဲ့ခြင်းမရှိခဲ့ကြောင်း၊ အိမ်ခြေ ၂၀ ခန့်ရှိ ရွာတစ်ရွာ၌ နှစ်ချင်းဘုရားကျောင်း တစ်ခုတွင် အချင်းချင်းစကားများရာမှ ဘုရား ကျောင်းခွဲ၍ တည်ဆောက်ပါကြောင်း၊ ထိုကျောင်းကို ဘာသာတူ အချင်းချင်း ဖျက်ဆီးခဲ့မှုများရှိခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် အမေရိကန်ခရစ်ယာန်စည်းလုံးရေးအဖွဲ့မှ အဖွဲ့ဝင် ၁၅ ဦးသည် ချင်းပြည်နယ်သို့ သွားရောက်၍ ဘာသာရေး ဖိနှိပ်မှုမရှိသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရကြောင်း၊ ယခင်ချင်းပြည်နယ် ဝန်ကြီးချုပ်လက်ထက်တွင် လက်ဝါးကပ်တိုင် ၁ ခုကို ဖျက်ဆီးခံခဲ့ရကြောင်း ပြောကြားပါသည်။

၁၂။        ဧည့်သည်တော်က ဘာသာကူးပြောင်းရေးဥပဒေသည် အပြည်ပြည်ဆိုင်ရာစံနှုန်း၊ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့နှင့် ဆန့်ကျင်ကွဲလွဲမှု ရှိ/ မရှိနှင့်ယခုအစိုးရသစ်လက်ထက်တွင် ၎င်းဥပဒေကို ရုပ်သိမ်းရန် (သို့မဟုတ်) ပြင်ဆင်ရန် ရှိ/ မရှိ မေးမြန်းဆွေးနွေးပါသည်။

၁၃။        ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြုလုပ်ပါက နောက်ဆက်တွဲ ပြဿနာများ ရှိလာနိုင်ကြောင်း၊ ထိုသို့ ပြုလုပ်ပါက ဗုဒ္ဓဘာသာ အစွန်းရောက်ပြည်သူများကို ဆွဲဆောင်စည်းရုံးပြီး နိုင်ငံ မတည်ငြိမ်မှု ဖြစ်အောင် လုပ်ဆောင်လာနိုင်ကြောင်း၊ အစိုးရသစ်က ထိုကိစ္စကို ကိုင်တွယ်ရန် ခေတ္တဘေးဖယ်ထားကြောင်း၊ ဦးစားပေးဆောင်ရွက်ရန်မှာ ဒီမိုကရေစီအခြေခံခိုင်မာစေရေးနှင့် နောက်ကြောင်း ပြန်မလှည့်စေရေး ဖြစ်ကြောင်း ပြောကြားပါသည်။

၁၄။        ဧည့်သည်တော်က အဆွေတော်၏အမြင်ကို လက်ခံပါကြောင်း၊ မကြာမီကာလက မိတ္ထီလာတွင် ဗုဒ္ဓဘာသာသို့ အတင်းအကြပ်ကူးပြောင်းစေရန် လုပ်ဆောင်ခဲ့မှု ရှိ/ မရှိ မေးမြန်းဆွေးနွေးပါသည်။

၁၅။        ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာတွင် ဗုဒ္ဓဘာသာသို့ သွတ်သွင်းသည်ကို ကြားသိခဲ့ခြင်း မရှိကြောင်း၊ ဆင်းရဲနွမ်းပါးသော ဗုဒ္ဓဘာသာဝင် သား/ သမီး ၁၀၀ ဦးခန့် စုပေါင်း၍ ရှင်ပြုပွဲ ပြုလုပ်ခဲ့မှုသာ ရှိကြောင်း ပြောကြားပါသည်။

၁၆။        ဧည့်သည်တော်က မဘသ က ဖွင့်လှစ်သော စာသင်ကျောင်းများတွင် နိုင်ငံတော်အစိုးရ ပညာရေး သင်ရိုးညွှန်းတမ်းများကို သင်ကြားပေးခြင်း ရှိ/ မရှိ  မေးမြန်းဆွေးနွေးပါသည်။

၁၇။        ပြည်ထောင်စုဝန်ကြီးက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွင့်လှစ်ထားပြီး နိုင်ငံတော်အစိုးရ ပညာရေး သင်ရိုးညွှန်းတမ်းများကိုသာ သင်ကြားပေးကြောင်း၊ စာမေးပွဲဖြေဆိုပါက အစိုးရကျောင်းများတွင် သွားရောက်ဖြေဆိုရကြောင်း၊ ဗုဒ္ဓယဉ်ကျေးမှု အခြေခံကို သင်ကြားရ ကြောင်း ပြောကြားပါသည်။

၁၈။        ဧည့်သည်တော်က နိုင်ငံတကာတွင် ဘာသာရေးကျောင်းများ ဖွင့်လှစ်နေကြကြောင်း၊ ယင်း ကျောင်းများတွင် အစွန်းရောက် ဘာသာရေးသင်ကြားမှုများ ရှိနေတတ်ကြောင်း၊ ထိုသို့ဖြစ်လာပါက ကြီးကြပ်ထိန်းသိမ်းမည့် နည်းလမ်းများကို သိရှိလိုကြောင်း မေးမြန်းပါသည်။

၁၉။         ပြည်ထောင်စုဝန်ကြီးက ဘာသာရေးအစွန်းရောက်အတွေးအခေါ်ရှိသူအချို့၏သွေးထိုး လှုံ့ဆော်မှုကို တားဆီးရန် နည်းလမ်း ၂ ခုရှိကြောင်း၊ ပထမနည်းလမ်းတစ်ခုသည် မြန်မာနိုင်ငံတွင် တရားဝင် ဖွဲ့စည်းထားသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ် အသီးသီးတွင် အဆင့်ဆင့် ဖွဲ့စည်းထားကြောင်း၊ ထိုအဖွဲ့က ဗုဒ္ဓဘာသာဝင်ကျောင်းသားလူငယ်များကို ယဉ်ကျေးမှု သင်တန်းများပေး၍ အစွန်းရောက်မှုများ တားဆီးရန်နှင့် ဘာသာပေါင်းစုံချစ်ကြည်ရေး ဆောင်ရွက်ရန် သင်ကြားပေးပါကြောင်း၊ ဒုတိယနည်းလမ်းတစ်ခုမှာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးက ဘာသာရေးပဋိပက္ခ လှုံ့ဆော်သူများကို တရားဓမ္မကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ အရေးယူ ထိန်းသိမ်း၍ မရပါက အစိုးရသို့လွှဲပြောင်းပေးပြီး အစိုးရက တရားဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ပါသည်။

၂၀။    ဧည့်သည်တော်က ဘာသာဝင်ဦးရေနှင့်ပတ်သက်သော သန်းခေါင်စာရင်းအချက်အလက်များကို ကြေညာမည်ဟု သိရှိရကြောင်း၊ ထိုသို့ ကြေညာမည့်ကိစ္စအပေါ် စိုးရိမ်မှုများ ရှိပါသလားဟု မေးမြန်း ဆွေးနွေးပါသည်။

၂၁။    ပြည်ထောင်စုဝန်ကြီးက ထိုကိစ္စသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိသည် ယခင်က အိန္ဒိယလူမျိုး သံအရာရှိ ၁ ဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် မွတ်စလင်အများဆုံးနိုင်ငံသည် အင်ဒိုနီးရှားဟု သိရှိရသော်လည်း ၎င်း၏ တင်ပြချက်အရ အိန္ဒိယနိုင်ငံတွင် မွတ်စလင်အများဆုံးဖြစ်ကြောင်း၊ သို့ရာတွင် အိန္ဒိယအစိုးရက ကြေညာခဲ့မှုမရှိကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ခန့်က အင်ဒိုနီးရှားသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ခဲ့ကြောင်း ပြောကြားပါသည်။

၂၂။       ဧည့်သည်တော်က မွတ်စလင်အများစုသည် ဧည့်နိုင်ငံသား ဖြစ်သည်ဟု မီဒီယာတွင် ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းပြပေးနိုင်ပါရန် ပြောကြားပါသည်။

၂၃။    ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ဘင်္ဂလားပင်လယ်အော် နယ်စပ်မှတစ်ဆင့် နိုင်ငံအတွင်းသို့ လူဦးရေ စိမ့်ဝင်မှုများရှိနေကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခင်က သန်းခေါင်စာရင်း သွားရောက် ကောက်ယူရာတွင် ရွာသားများက လာရောက်သည့်ဝန်ထမ်းများအား ဝါးခြံစည်းရိုး ၃ ထပ် ကာရံထားသည့် ရွာအတွင်းသို့ ဝင်ရောက်ခွင့် မပေးခဲ့သည့်အတွက် သန်းခေါင်စာရင်းကောက်ယူ နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်၍ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဌာနတို့ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထိုအဖွဲ့များက ရခိုင်ပြည်နယ်သို့ သွားရောက်၍ ယာယီနိုင်ငံသား သက်သေခံလက်မှတ်များ ထုတ်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တို့တွင် ထုတ်ပေးပြီးဖြစ်ပြီး မြို့နယ် ၂ မြို့နယ်သာ ကျန်ရှိကြောင်း၊ ထိုသက်သေခံ လက်မှတ်တွင် ယခင်က သက်တမ်း ၂ နှစ်ဟု ဖော်ပြထားခဲ့သော်လည်း ရခိုင်ပြည်နယ်ရှိ မွတ်စလင် များ၏တောင်းဆိုမှုအရ ထိုကန့်သတ်ချက် သက်တမ်း ၂ နှစ်အား ပယ်ဖျက်ပေးခဲ့ကြောင်း၊ နိုင်ငံသားဖြစ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

၂၄။      ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်တို့သည် အပြန်အလှန်နှုတ်ဆက်ကြပြီး တွေ့ဆုံဆွေးနွေးသည့် အစီအစဉ်ကို ၁၂ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းခဲ့ပါသည်။