Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 12, Monday - September 2016
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ပရိဝုဏ်နှင့် ဆက်စပ်ဧရိယာအတွင်း ဆောင်ရွက်နေသောစီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်

၁။      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် မြန်မာပြည်သူ ပြည်သားများ၏ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူဖြစ်ပါသည်။ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်အချို့က ဥပဒေမဲ့စွာဖြင့် ဟိုတယ်၊ တည်းခိုခန်းများ တည်ဆောက် ခြင်းကြောင့် ရှေးဟောင်းအဆောက်အဦ၏ မြင်ကွင်းကိုလည်းကောင်း၊ ဝန်းကျင်သဘာဝ မြင်ကွင်းကို လည်းကောင်း အဟန့်အတားဖြစ်စေပြီး အထပ်မြင့်ဟိုတယ်များကြောင့် မူလဘူမိမြေသားခိုင်မာမှုကို ပျက်စီး စေ၍ မြေသားပြတ်ရွေ့မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။

၂။      ၎င်းအပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကာကွယ်ထိန်းသိမ်းထားသော ကျိုးထီးရိုး ဆံတော်ရှင်စေတီတော်၏ ဝတ္တကမြေအတွင်းရှိ ရဟန်းရှင်လူပြည်သူအများ အခမဲ့တည်းခိုရန် တည်ဆောက် ထားခဲ့သည့် ဓမ္မာရုံများကိုလည်း တည်းခိုခန်းများအဖြစ် ဥပဒေမဲ့စွာ တည်ဆောက်ခဲ့ကြပါသည်။

၃။      ထို့ပြင် ဘုရားဖူးရဟန်းရှင်လူပြည်သူများက ကျိုက်ထီးရိုးစေတီတော်၏ နဝကမ္မအတွက် လည်းကောင်း၊ ယုံကြည်မှုများအရလည်းကောင်း လှူဒါန်းမှုအစုစု ဆောင်ရွက်လျက်ရှိရာ အလှူခံဌာနများ၊ အလှူခံပုံးများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်မလျော်ညီစွာ ကန်ထရိုက်စနစ်ပေး၍ အလှူငွေ ကောက်ခံ နေသည်ကို တွေ့ရှိရပါသည်။

၄။      အထက်ပါအခြေအနေများကြောင့် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြော်ကြသည့် မြန်မာပြည်တဝှမ်းမှ ရဟန်းရှင်လူပြည်သူအပေါင်းသည် တည်းခိုခန်းခ မြင့်မားစွာပေးဆောင်ရခြင်း အခကြေးငွေ မတတ်နိုင်သောသူများသည် ဘုရားရင်ပြင်ပေါ်တွင် ကျန်းမာရေးအထိခိုက်ခံ၍ ဖြစ်သလို အိပ်စက်နားခိုရခြင်း၊ အလှူခံဌာနများကလည်း အတင်းအဓမ္မအလှူခံခြင်း၊ ကျိန်စာတိုက်အလှူခံခြင်း တို့ကြောင့် ဘုရားဖူးလာရောက်သူများအနေဖြင့် စိတ်နှလုံးချမ်းမြေ့စွာဖြင့် ဘုရားကို ကြည်ညိုသဒ္ဒါ ပွားနိုင်မှုမရှိခြင်းများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။

၅။      သို့ဖြစ်ပါ၍ ကျိုက်ထီးရိုးဆံတော်ရှင်သို့ ဘုရားဖူးရဟန်းရှင်လူပြည်သူအများ စိတ်ချမ်းမြေ့စွာ ကြည်ညို သဒ္ဒါပွားနိုင်ရန်အတွက်လည်းကောင်း၊ တရားဥပဒေစိုးမိုးရန်အတွက်လည်းကောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက အောက်ပါအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

(က)    ကျိုက်ထိရိုးဆံတော်ရှင်စေတီတော်၏ ဝတ္တကမြေအတွင်းရှိ လုပ်ငန်းရှင်များက တည်းခိုခန်း ပြုလုပ်ထားသော ဓမ္မာရုံများကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ရဟန်းရှင်လူ ပြည်သူ အများ အခမဲ့တည်းခိုခွင့်ရရှိအရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ညှိနှိုင်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(ခ)     ရိုးရိုးလေးကုမ္ပဏီက တည်ဆောက်ထားသော ဥပဒေနှင့်အညီ ခွင့်ပြုထားသည့် ဟိုတယ်အခန်း (၁၃၅)ခန်းအပြင် ဥပဒေမဲ့စွာဆောက်လုပ်ခဲ့သော အခန်း(၁၀၆)ခန်း ပိတ်သိမ်းရေး၊ သတ်မှတ် အမြင့်ပေ(၃၀)ထက် ကျော်လွန်ဆောက်လုပ်ခဲ့သည့် ဟိုတယ်အဆောက်အဦများကို ခေတ်မီ နည်းပညာသုံး၍ ဖျက်သိမ်းရေးကို စီမံကြီးကြပ်သွားပါမည်။

(ဂ)     စေတီတော်သို့ နေ့စဉ်ဘုရားဖူးလာရောက်သည့် အများပြည်သူများကို စေတီတော်ရင်ပြင်၊ ရသေ့တောင်၊ ကင်ပွန်းစခန်း၊ ရေမြောင်ကြီး၊ ကျီးကန်းပါးစပ်နှင့် အခြားအလှူခံဌာနများအား ကန်ထရိုက်ပေးဆောင်ရွက်ခြင်း လုပ်ငန်းများကိုဖျက်သိမ်း၍ စေတီတော်ဝန်ထမ်းများဖြင့် အလှူခံပုံးအား နေ့စဉ်ရေတွက်ခြင်း၊ နောက်တစ်နေ့တွင် ဘဏ်သို့အပ်နှံခြင်း၊ အလှူခံ ဖြတ်ပိုင်းဖြင့် အလှူခံခြင်း အစရှိသည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ ပိုမိုခန့်အပ်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေကာ အဆိုပါလုပ်ငန်းများကို ဂေါပကအဖွဲ့မှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန်သွားမည်ဖြစ်ပါသည်။

(ဃ)   နိုင်ငံအဝန်းဘုရားစေတီများ၌ ရွှေသင်္ကန်းကပ်လှူရာတွင် အရည်အသွေးကောင်းမွန်ရေး၊ အရွယ်အစားမှန်ကန်ရေး၊ စျေးနှုန်းမှန်ကန်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ရာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ လက်ရှိအခြေအနေတွင် ရွှေဆိုင်းအရည်အသွေး ညံ့ဖျင်းခြင်း၊ အရွယ်အစားမမှန်ကန်ခြင်းနှင့် စျေးနှုန်းကြီးမြင့်ခြင်းတို့ကို ပြုပြင်နိုင်ရန်အတွက် ရွှေဆိုင်းတင်ဒါပေးသွင်းမှုစနစ် မှန်ကန်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှ စီမံကြီးကြပ် ဆောင်ရွက်ပါမည်။

(င)     ယခင်ဂေါပကအဖွဲ့ဝင် ၁၅ ဦးအနက် ၁ ဦး(ကွယ်လွန်) ၃ ဦးအနားယူခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ဂေါပကအဖွဲ့ဝင် ၁၁ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ၂ ဦး၊ စုစုပေါင်း ၁၅ ဦးတို့အား ၂၃-၈-၂၀၁၆ ရက်နေ့မှစ၍ ယာယီဂေါပကအဖွဲ့အဖြစ် ဖွဲ့စည်း ထားရှိပြီးဖြစ်ပါသည်။

(စ)     ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ စည်းမျဉ်း(မူကြမ်း)အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များ၊ ကျွမ်းကျင်သူများပါဝင်သော အဖွဲ့ဖြင့် ရေးဆွဲ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ (၂၅-၇-၂၀၁၆) ရက်နေ့တွင် ပေးပို့ခဲ့ပြီး အကြံပြုချက်များရရှိပါက ဂေါပကစည်းမျဉ်းနှင့်အညီ ဂေါပကအဖွဲ့မှ ဆောင်ရွက်နိုင်ရေး အတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ပါမည်။

(ဆ)    ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ပရိဝုဏ်အတွင်း ဥပဒေနှင့်မလျော်ညီစွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအသီးသီးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားနိုင်ရေးအတွက် (၁၀-၈-၂၀၁၆) ရက်နေ့တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ စတုတ္တအကြိမ် တတိယအစည်းအဝေးသို့ တင်ပြလျှောက်ထားခဲ့ရာ “သာသနာရေးဦးစီးဌာနက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်” ဩဝါဒပြု လမ်းညွှန်ခဲ့သဖြင့် အဆိုပါဩဝါဒအတိုင်း ကြီးကြပ်ဆောင်ရွက်မည် ဖြစ်ပါသည်။

(ဇ)     နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ဩဝဒနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၏မူဝါဒများအရ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် မလျော်ညီစွာဆောင်ရွက်ခဲ့သည့် လုပ်ငန်းအသီးသီးကို ဥပဒေနှင့်အညီဖြစ်စေရန် စီမံကြီးကြပ် သွားမည်ဖြစ်ပြီး အထက်ဖော်ပြပါအချက်များကို သက်ဆိုင်သည့်လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်ကိုယ်စား တရားစွဲဆို အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၆။      ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဘုရားဖူးရဟန်းရှင်လူပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေးအတွက် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဝေယျာဝစ္စကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့၏ ကွပ်ကဲမှု အောက်တွင် ထားရှိမည်ဖြစ်ပြီး ၎င်းတို့ကိုယ်စား အသစ်ဖွဲ့စည်းသွားမည့် ဂေါပကအဖွဲ့မှ အနီးကပ် ကြီးကြပ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများပြည်သူသိရှိစေရန် ရှင်းလင်း ဖော်ပြအပ်ပါသည်။