၁။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အကြည်ကတင်းရွာမှ ကြာမြင့်၊ အသက်(၃၅)နှစ်နှင့် အပေါင်းအပါ ၅ ဦးတို့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စည်ပင်ဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများတွင် အလုပ်အကိုင်ရရှိမည် ဖြစ်ကြောင်း တစ်ရွာတည်းနေ မဝင်းဝင်းမော်နှင့် ဆောမြို့နယ်ရှိ ကျေးရွာများမှ မသန်းသန်းမော်၊ မဇင်မာလွင်၊ မမြင့်ဌေးကြည်၊ မနွယ်နွယ်ထွန်း၊ မကေမိုးခိုင်၊ မောင်မြင့်မိုး၊ မောင်ပြည့်ဖြိုးမောင်၊ မနှင်းဝေလှိုင်တို့ထံမှ ငွေကျပ် ၁၃၁ သိန်း ရယူခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
၂။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စာရွက်စာတမ်းတံဆိပ်တုံးများ အသုံးပြု၍ လိမ်လည် ခဲ့သော ကြာမြင့်၊ ဝင်းတင့်၊ မြင့်သိန်း၊ သန်းထွေးနှင့် မကြူကြူခိုင်တို့အား မဝင်းဝင်းမော်က ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်တွင် ဆောမြို့နယ်၊ မြို့မရဲစခန်းမှ(ပ) ၁၀၉/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါသည်။
၃။ အထက်ဖော်ပြပါ လိမ်လည်သူ ငါးဦးအနက် မြင့်သိန်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်-၁၂/မရက(နိုင်) ၀၇၀၂၅၅ (ဘ) ဦးတင်မြ၊ အသက်(၄၅)နှစ်သည် ၁၉-၈-၁၉၉၄ ရက်နေ့တွင် အလုပ် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်က အငယ်တန်းလက်နှိပ်စက်(စီမံ)၊ ၂၀၀၆ ခုနှစ်ထိ စာရင်းကိုင်-၄ (ငွေစာရင်း)၊ ၂၀၀၉ ခုနှစ်က ဒုတိယဦးစီးမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းအနေဖြင့် ခွင့်မဲ့ပျက်ကွက် အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၈-၈-၂၀၁၁ ရက်နေ့မှစ၍ အလုပ်ထုတ်ပယ်ခြင်း (Dismiss) ခံရသူဖြစ်ပါသည်။
၄။ သန်းထွေး၊ စာရေး(သာသနာရေးဝန်ကြီးဌာန)သည်လည်း ဤဝန်ကြီးဌာန၌ မရှိဘဲ သာသနာရေး ဦးစီးဌာန၌ လုံခြုံရေး(၃) ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးသန်းထွေးသာရှိကြောင်း ဖော်ပြအပ်ပါသည်။