၁။ ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကတည်းကပင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် များအား ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ရာ ဧတဒဂ်ဘွဲ့ရ ရဟန္တာမထေရ် (၄၁)ပါး၊ ဧတဒဂ်ဘွဲ့ရ ဘိက္ခုနီထေရီမ (၁၃)ပါး၊ ဧတဒဂ်ဘွဲ့ရ ဥပါသကာ(၁၀)ပါး၊ ဧတဒဂ်ဘွဲ့ရ ဥပါသိကာ (၁၀)ပါးတို့အား ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ပါသည်။
၂။ ထိုကဲ့သို့ ရှေးယခင်ကတည်းကပင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့သည့်အစဉ်အလာအရ ၂၀၁၇ ခုနှစ်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းခြင်း ဆိုင်ရာ ဂုဏ်အင်္ဂါအရည်အချင်းသတ်မှတ်ချက်နှင့်အညီ စနစ်တကျစိစစ်ရွေးချယ်မည်ဖြစ်ပါသည်။
၃။ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များအား စနစ်တကျစိစစ်ရွေးချယ်ခြင်းဖြင့် ဘွဲ့တံဆိပ်တော် များ၏ဂုဏ်သိက္ခာမြင့်မားလာခြင်း၊ အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲတိုးတက်၍ တန်ဖိုး မြင့်မားလာခြင်း၊ ဘွဲ့တံဆိပ်အဆောင်အယောင်များအတွက် အသုံးပြုရသည့် ရွှေစင်ရွှေသားများ လျော့နည်းသွားသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေကို ခြိုးခြံချွေတာနိုင်ခြင်း၊ ဥပါသကာဂုဏ်နှင့် မကိုက်ညီသူများ ပါဝင်ခြင်း မရှိအောင် ကန့်သတ်နိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများ ဖြစ်ထွန်းပေါ်ပေါက်မည် ဖြစ်ပါသည်။
၄။ ၎င်းအပြင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ လျှောက်ထားကြသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များသည် ယခင်ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသော ဘွဲ့ရရှိသည့် ခုနှစ်မှ (၃)နှစ်ခြားနှင့်အထက် လျှောက်ထားတင်ပြမှုကိုသာ ထည့်သွင်းစဉ်းစားစိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင် စေရန် အသိပေးဖော်ပြအပ်ပါသည်။