Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 29, Tuesday - November 2016
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ကြီးကြပ်ဆောင်ရွက်မည်

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ အထင်ကရ အထွတ်အမြတ်ထားရာရွှေတိဂုံစေတီတော်သို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်ပရိတ်သတ်များ လာရောက်လျက်ရှိရာ ရွှေတောင်ကြီးအလား တင်စားခေါ်ဝေါ်၍ အံ့ဩဘနန်း ရင်သပ်ရှုမောစွာ ဖူးမြော်လျက်ရှိသည်ကို မြင်တွေ့ရသည်မှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကောင်းမွန်သော မြင်ကွင်းတစ်ခုဖြစ်ပါသည်။

၂။      ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ရွှေစင် ရွှေပြား (Gold Plate)များအား ထီးတော်မှ ငှက်ပျောဖူး အောက်ခြေအထိ ကပ်လှူပူဇော်ထားခဲ့ရာ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်သည်အထိ ပျက်စီးမှုမရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

၃။      ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ရွှေစင် ရွှေပြား(Gold Plate)များကို အောက်ခံ Frame ၁ ပေ ပတ်လည် ကြေးပြားများ အပေါ်တွင် ရွှေစင် ၆ ကျပ်သားဖြင့် ကပ်လှူပူဇော်ပါက သဘာဝဘေးအန္တရာယ် ကိုလည်းကောင်း၊ ကျေးငှက်တိရိစ္ဆာန်တို့ကြောင့် ဖြစ်ပေါ်လာမည့် ပျက်စီးမှုများကိုလည်းကောင်း၊ နှစ်ကာလရှည်ကြာစွာ ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။

၄။      ထိုသို့ ရွှေစင် ရွှေပြား(Gold Plate)များ ကပ်လှူရာတွင် အောက်ခံ Frame ဖြစ်သော ၁ ပေ ပတ်လည်ကြေးပြားများ၏ မျက်နှာပြင် ညီညာမှုနှင့် ချောမွေ့မှုသည် ရွှေစင် ရွှေပြားများ ကပ်လှူရာတွင် အရည်အသွေးကောင်းမွန်မှုကို အထောက်အကူပြုမည်ဖြစ်ပါသည်။

၅။      ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ရွှေစင် ရွှေပြား(Gold Plate)များ ကပ်လှူရာတွင် အောက်ခံ Frame ၁ ပေပတ်လည် ကြေးပြားများသည် အများအားဖြင့် မျက်နှာပြင်ညီညာမှုနှင့် ချောမွေ့မှု နည်းပါးခြင်း၊ ၎င်းကြေးပြားများပေါ်တွင် ရွှေစင် ရွှေပြား(Gold Plate)များ ကပ်လှူမှုမှာ ရွှေစင် ၆ ကျပ်သားများ ရှိသကဲ့သို့ ရွှေစင် ၁ ကျပ်သားများလည်း ပါဝင်လျက်ရှိသည်ကို စစ်ဆေးလေ့လာတွေ့ရှိရပါသည်။

၆။      ထိုကဲ့သို့ အခြေအနေများကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ရွှေစင်ရွှေပြား(Gold Plate)များ၏ အရည်အသွေးနှင့် အရွယ်အစား၊ ထုထည်ပမာဏ မညီမညာဖြစ်ခြင်း၊ အရောင်အဆင်း မညီညာခြင်း တို့ကြောင့် ဖူးမြော်ရာတွင် ရွှေရောင်တောက်ပမှု မြင်ကွင်းပသာဒမှာ မညီမညာဖြစ်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

၇။      ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေစင် ရွှေပြား(Gold Plate)များ ကပ်လှူရာတွင် ရွှေစင် ၁ ကျပ်သားကို အသုံးပြုခြင်းကြောင့် ရွှေ၏ထုထည်ပမာဏမှာ ပါးလွှာခြင်းကြောင့်လည်းကောင်း၊ ရွှေပြား များပေါ်တွင် ကျရောက်လေ့ရှိသော ပိုးမွှားတိရိစ္ဆာန်များအား ငှက်ငယ်များ လာရောက်ထိုးဆိတ်မှုကြောင့် လည်းကောင်း၊ ၎င်းငှက်ငယ်များကို စွန်နှင့် သိန်းငှက်တို့က ထိုးသုတ်ဖမ်းယူမှုများကြောင့်လည်းကောင်း အောက်ခံပါးလွှာသော ရွှေပြားများ ပေါက်ပြဲ၍ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

၈။      အထက်ဖော်ပြပါအကြောင်းများကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ရွှေစင် ရွှေပြား(Gold Plate)များ ကပ်လှူရာတွင် ခံနိုင်ရည်ရှိသော ရွှေစင် ရွှေပြား ၆ ကျပ်သားများကို ပြောင်းလဲကပ်လှူမည် ဖြစ်ကြောင်းနှင့် ရွှေ၏အလေးချိန်၊ အရည်အသွေးနှင့် ထုထည်ပမာဏ မှန်ကန်ရေးအတွက် သတ္ထုဗေဒ ပညာရှင်၊ ပန်းတိမ် ပညာရှင်များပါဝင်သော စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေး၍ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်မည် ဖြစ်ပါသည်။

၉။      ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယခင်ကန်ထရိုက်စနစ်ဖြင့် ကပ်လှူထားသော ရွှေစင် ရွှေပြား (Gold Plate)များ၏အရည်အသွေးနှင့် အရွယ်အစားပမာဏတို့ကို ပညာရှင်များပါဝင်သော အဖွဲ့ဖြင့် စစ်ဆေး၍ တွေ့ရှိချက်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်နှင့်အညီ သက်ဆိုင်ရာကန်ထရိုက် လုပ်ငန်းရှင်များကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၀။      ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့်လှစ်၍ ရွှေစင် ရွှေပြား(Gold Plate)၊ ရွှေသင်္ကန်း များကပ်လှူရန် ၂၀၁၈ ခုနှစ် ပွင့်လင်းရာသီတွင် အချိန်ကျရောက်မည်ဖြစ်သော်လည်း ယခင်ကန်ထရိုက် စနစ်ဖြင့် ကပ်လှူထားသော ရွှေစင် ရွှေပြား(Gold Plate)များ၏ အရည်အသွေးနှင့် အရွယ်အစား များကို စစ်ဆေးရန် လိုအပ်ချက်နှင့်အညီ ၂၀၁၇ ခုနှစ် ပွင့်လင်းရာသီတွင် ဝါးငြမ်းများ ဆင်၍ လုပ်ငန်း စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။

၁၁။    ထိုသို့ ဝါးငြမ်းများ ဆင်ရာတွင် ဝါးတန်ဖိုးနှင့် လုပ်အားခ အပါအဝင် ငွေကျပ် သိန်း ၄၀၀ ကျော် ကုန်ကျမည်ဖြစ်ပြီး အချိန်ကာလအားဖြင့် ၂ လခန့် ကြာမြင့်မည်ဖြစ်ပါသည်။

၁၂။    ယခုအခါ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သစ်အနေဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေစင် ရွှေပြား(Gold Plate) များ ကပ်လှူရာတွင်လည်းကောင်း၊ ရွှေပြားသင်္ကန်း (Gold Coating)များ ကပ်လှူရာတွင်လည်းကောင်း၊ အရည်အသွေး၊ အရွယ်အစား၊ အရောင်အဆင်းများ မှန်ကန်စနစ်ကျစေရန် နှင့် အောက်ခံ Frame ၁ ပေပတ်လည် ကြေးပြား အရည်အသွေး ကောင်းမွန်ရန်အတွက် အလုပ်ရုံများ ဖွဲ့စည်းတည်ထောင်၍ ပညာရှင်များ ပါဝင်သော အဖွဲ့များဖြင့် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၁၃။    ၎င်းအပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေစင် ရွှေပြား (Gold Plate)များ၊ ရွှေပြားသင်္ကန်း (Gold Coating)များ၊ ရွှေသင်္ကန်းများ ကပ်လှူရာတွင် စနစ်တကျဖြစ်စေရေး၊ အများပြည်သူ ဖူးမြော်ရာတွင် ရွှေရောင်တောက်ပမှု မြင်ကွင်းပသာဒ ကောင်းမွန် စေရေးအတွက် လုပ်ငန်းစီမံချက်နှင့်အညီ စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် အသိပေးဖော်ပြအပ်ပါသည်။