Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 07, Wednesday - December 2016
မြန်မာနိုင်ငံ၌ အသိအမှတ်ပြုထားသော ကိုးကွယ်ရာဘာသာအသီးသီးအတွက်ဝန်ကြီးဌာနတစ်ခု ထားရှိရန် လိုအပ်မှုအပေါ် ဆန်းစစ်လေ့လာခြင်း

၁။      သမိုင်းမတင်မီ ကမ္ဘာဦးအစ၌ လူတို့သည် မိမိတို့အပေါ်ကျရောက်မည့် ဘေးအန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ချက်နှင့်အညီ ရေမြေတောတောင်နှင့် နတ်ဒေဝါတို့အား ယုံကြည်ကိုးကွယ်ဆည်းကပ်ခဲ့ကြပါသည်။ ထိုမှတစ်ဆင့် လူ့အဖွဲ့အစည်းများ၊ ဒေသအလိုက် အစုအဖွဲ့ များ၊ မျိုးနွယ်အလိုက် မျိုးနွယ်စုများ တည်မှီဖြစ်ပေါ်လာခဲ့ပြီး အများစု၏ ဆန္ဒနှင့်အညီ အုပ်ချုပ်မှုစနစ် တစ်ရပ်ကို တီထွင်ပေါ်ထွန်းစေခဲ့ပါသည်။

၂။      ထိုကဲ့သို့ လူ့သမိုင်းအဆင့်ဆင့် ပြောင်းလဲရပ်တည်မှုနှင့်အညီ အုပ်ချုပ်ရေးစနစ်များ ထွန်းကား လာခဲ့ပြီး သာမန်လူများထက် ကာယအား၊ ဉာဏအား ထူးချွန်သော အဋ္ဌာရဿ အတတ်ပညာ ၁၈ ရပ်ကို တတ်မြောက်သော ပဒေသရာဇ် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ကျင့်သုံးခဲ့ပါသည်။ သက်ဦးဆံပိုင် ပဒေသရာဇ် ခေတ်ကတည်းက ဘာသာရေးနှင့် နိုင်ငံရေးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြု လျက်ရှိသည်ကို သမိုင်းအထောက်အထားများအရ လေ့လာတွေ့ရှိရ ပါသည်။

၃။      သာသနာဝင်သမိုင်းကို လေ့လာပါက ဘီစီ ၆ ရာစုတွင် အိန္ဒိယနိုင်ငံ၌ ဂေါတမဗုဒ္ဓ ဘုရားရှင် ပွင့်တော်မူပြီးစ သတ္တသတ္တာဟ စံနေတော်မူစဉ် ဘုရားရှင်အား မုန့်ဆွမ်းဦးအလှူ လှူဒါန်းခွင့်ရရှိခဲ့ ကြသော တပုဿနှင့် ဘလ္လိက ညီနောင်တို့မှာ မြန်မာနိုင်ငံ၊ ဥက္ကလာပ ဇနပုဒ်မှ လာရောက်သည့် ကုန်သည် ညီနောင်နှစ်ဦးဖြစ်ပါသည်။ ၎င်းတို့အား ဘုရားရှင်က ဆံတော်ရှစ်ဆူ ပေးသနားတော်မူသဖြင့် ပင့်ဆောင် လာခဲ့ပြီး မြန်မာနိုင်ငံရှိ ဥက္ကလာပမင်းကြီး ဦးဆောင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ထား ကိုးကွယ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းတွင် လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။

၄။      ဘီစီ ၃၀၀ မတိုင်မီ အိန္ဒိယနိုင်ငံ ပါဋလိပုတ် နေပြည်တော်၌ တတိယသင်္ဂါယနာတင်ပွဲအပြီး ကိုးတိုင်း ကိုးဌာနသို့ ဗုဒ္ဓဘာသာသာသနာပြု ရဟန်းတော်များ စေလွှတ်ခဲ့ရာတွင် မြန်မာနိုင်ငံ ရာမညတိုင်း သုဝဏ္ဏဘူမိ သထုံပြည်သို့ ရောက်ရှိခဲ့ပြီး သထုံဘုရင် သီရိမာသောကမင်း၏ အထောက် အပံ့ဖြင့် ရာမညတိုင်း၌ ဗုဒ္ဓဘာသာသာသနာ စည်ပင်ပြန့်ပွားခဲ့ပါသည်။

၅။      အေဒီ ၁၁ ရာစုတွင် ရဟန္တာအရှင် အရဟံမထေရ်၏ ကျေးဇူးတော်ဖြင့် အနော်ရထာမင်းမြတ် လက်ထက်တွင် ပုဂံပြည်သို့ ဗုဒ္ဓသာသနာရောက်ရှိပြီး စည်ပင်ထွန်းကားလာခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်များဖြစ်သော ပုဂံ၊ မြင်းစိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် မင်းဆက်များတစ်လျှောက် ထေရဝါဒဗုဒ္ဓဘာသာသည် ခိုင်ခိုင်မာမာ တည်တံ့ပြန့်ပွား ထွန်းကားခဲ့ကြောင်း သမိုင်းအထောက်အထားများအရ လေ့လာတွေ့ရှိရပါသည်။

၆။      မြန်မာနိုင်ငံ၌ သာသနာဝင်သမိုင်းနှင့် သက်ဦးဆံပိုင်ပဒေသရာဇ်သမိုင်းတို့ကို ပြန်လည် လေ့လာ ကြည့်ပါက သာသနာကို စောင့်ရှောက်သော သာသနာပိုင်နှင့် သက်ဦးဆံပိုင်ဘုရင်တို့သည် တိုင်းရေး ပြည်ရာ အဖြာဖြာတို့ကို စီမံခန့်ခွဲရာ၌ အပြန်အလှန်အမှီသဟဲပြု ဆောင်ရွက်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်ပါသည်။

၇။      မြန်မာနိုင်ငံ၏ လွတ်လပ်ရေး အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ပြီးနောက် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် သာသနာပိုင်များက ပြည်သူတို့နှင့် လက်တွဲ၍ အဖွဲ့အစည်းများ တည်ထောင်ခြင်း၊ နိုင်ငံရေးနှင့် လွတ်လပ်ရေး အသိပညာများ ထွန်းကားအောင် သင်ကြားပေးခြင်း အစရှိသည့် လုပ်ငန်း များကို မြေပေါ်မြေအောက် ပုံသဏ္ဍာန်မျိုးစုံ ဆောင်ရွက်လုပ်ကိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

၈။      မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းသည် မူလ ပထမက ဘာသာရေးသက်သက် သင်ကြားလေ့ကျင့်ပေးသော အဖွဲ့အစည်း ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် လွတ်လပ်ရေးကြိုးပမ်းရန် လိုအပ်ချက်နှင့်အညီ ဘာသာရေးမှ နိုင်ငံရေးအသွင်ဆောင်သော အဖွဲ့အစည်း အဖြစ် စိမ့်ဝင်ပျံ့နှံ့ ဆောင်ရွက်ခဲ့ပါသည်။

၉။      မြန်မာတို့ သူ့ကျွန်သဘောက် ကျရောက်ခဲ့စဉ်ကပင် ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးကို ရပ်တန့် မသွားစေရန် အဖွဲ့အစည်းအသီးသီးက ဗုဒ္ဓဘာသာအစဉ်အလာများနှင့် စာမေးပွဲများကို အခက်အခဲ မျိုးစုံကြားက ဆောင်ရွက်ခဲ့ကြောင်းနှင့် လွတ်လပ်ရေး ရရှိပါက ဗုဒ္ဓဘာသာ စည်ပင်ပြန့်ပွားရေးကို အလေးအနက်ထား ဆောင်ရွက်မည်ဟု အများပြည်သူတို့က သန္နိဋ္ဌာန်ချမှတ်ခဲ့ကြောင်း လေ့လာတွေ့ရှိ ရပါသည်။

၁၀။    သာသနာ့သမိုင်းတစ်လျှောက် သင်္ဂါယနာ ခြောက်တန်တင်ခဲ့ပြီးဖြစ်ရာ ပထမ၊ ဒုတိယ၊ တတိယ သင်္ဂါယနာကို အိန္ဒိယနိုင်ငံတွင်လည်းကောင်း၊ စတုတ္ထသင်္ဂါယနာကို သီရိလင်္ကာနိုင်ငံတွင်လည်းကောင်း၊ ပဉ္စမနှင့် ဆဋ္ဌ သင်္ဂါယနာကို မြန်မာနိုင်ငံတွင်လည်းကောင်း ကျင်းပခဲ့ပါသည်။ သင်္ဂါ၏ အဓိပ္ပာယ်မှာ စုပေါင်း ဖြစ်ပြီး ယနာ၏ အဓိပ္ပာယ်မှာ  ရွတ်ဆိုခြင်း ဖြစ်သဖြင့် သင်္ဂါယနာ၏ အဓိပ္ပာယ်မှာ စုပေါင်း ရွတ်ဆိုခြင်း ဖြစ်ပါသည်။

၁၁။    မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ထေရဝါဒအုတ်မြစ် ခိုင်မာစေရေးအတွက် ဆဋ္ဌသင်္ဂါယနာ တင်နိုင်ရန် ဆာဦးသွင် ခေါင်းဆောင်သော နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဖဆပလအစိုးရ၊ ၎င်းအဖွဲ့ကြီးနှင့် ပြည်သူတစ်ရပ်လုံးက မြန်မာ့ဂုဏ်ဆောင် သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို ခမ်းနားထည်ဝါစွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါသည်။

၁၂။    ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ တက်ပြီးနောက် အခြားအသင်းအဖွဲ့များနည်းတူ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကို ဖျက်သိမ်းခဲ့ရသဖြင့် ၎င်းအဖွဲ့၏ လုပ်ငန်းတာဝန်များသည် အတွင်းဝန်၏ ဖွဲ့စည်းပုံ အောက်သို့ ရောက်ရှိခဲ့ရပါသည်။ ၎င်းနောက် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ရာ သာသနာရေးဦးစီးဌာနသည် ဦးစီးဌာန ၇ ခုအနက် ၁ ခု အပါအဝင် ဖြစ်ပါသည်။

၁၃။    ထေရဝါဒဦးဆောင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် တိုးတက်လာသော ရဟန်း၊ သာမဏေ၊ သီလရှင်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကမ္မဋ္ဌာန်းရိပ်သာများ၏ လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက် ပေးခြင်း၊ အခြားဘာသာများ၏ လိုအပ်ချက်များကို ညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးခြင်းတို့ကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ၁၉၉၂ ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

၁၄။    ၂၀၁၆ ခုနှစ် လက်ရှိ အစိုးရသစ်လက်ထက်တွင် သာသနာရေးဝန်ကြီးဌာနအား ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ သာသနာ့သမိုင်းနှင့်အတူ ပေါ်ပေါက်လာသည့် ဗုဒ္ဓဘာသာသည် တစ်ဆက်တစ်စပ်တည်း၌ ဖြစ်ထွန်း လာခဲ့သည့် မြန်မာ့ယဉ်ကျေးမှုနှင့်ယှဉ်တွဲ၍ အစဉ်အလာမပျက် တွဲဖက်ခဲ့ခြင်းကို ရည်ရွယ်၍ ဝန်ကြီးဌာန တစ်ခုအဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

၁၅။    ကမ္ဘာဦးအစ သမိုင်းမှစတင်၍ ယခုခေတ်အချိန်အထိ လူ့သမိုင်းဖြစ်တည်ရပ်တည်မှုကို လေ့လာပါက လူတို့၏ အသက်ရှင်သန် ရပ်တည်ရေးသည် ဘာသာ၊ သာသနာ၊ ကိုးကွယ်၊ ယုံကြည်မှုအသီးသီးနှင့် ဆက်စပ်ဖြစ်ထွန်းလျက်ရှိကြောင်းကို မည်သို့မျှ ငြင်း၍မရသော အချက်တစ်ခု ဖြစ်ပါသည်။

၁၆။    မျက်မှောက်ခေတ်တွင် သိပ္ပံပညာရပ်များ ထွန်းကားလျက်ရှိသော်ငြားလည်း ယနေ့အချိန်အထိ ရှာဖွေသုတေသန မပြုနိုင်သေးသည့် အကြောင်းအရာများနှင့် နက်နဲသည့် ပဟေဠိပုစ္ဆာများ အများအပြား ရှိနေသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။

၁၇။    ထိုအကြောင်းတရားနှင့် ဆက်စပ်၍ သိပ္ပံပညာရှင် အိုင်းစတိုင်းက ၎င်းလေ့လာမှုများ မတိုင်မီ ကတည်းက ဂေါတမဗုဒ္ဓ၏ အတိအလင်းဟောကြားချက်များကို အခြေပြု၍ ကမ္ဘာပေါ်တွင် လူသားများ အတွက် ဗုဒ္ဓဘာသာသည် အကောင်းဆုံးဘာသာဖြစ်သော်လည်း လူသားတိုင်းသည် ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ကြောင်း အတိအလင်း ပြောဆိုခဲ့သည်။ ယနေ့ ဘာသာအများစုကလည်း ကမ္ဘာပေါ်တွင် ဗုဒ္ဓ ဘာသာသည် အကောင်းဆုံးဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုသည်ကို လေ့လာတွေ့ရှိရပါသည်။

၁၈။    ထေရဝါဒဗုဒ္ဓဘာသာဆိုသည်မှာ ဂေါတမမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ဓမ္မက္ခန္ဓာ များကို လိုတိုးပိုလျှော့ခြင်း မပြုဘဲ မူလအတိုင်း တသွေမတိမ်းလိုက်နာသင်ယူ ကျင့်ကြံသောဘာသာကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ဂေါတမ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ နိကာယ် ငါးရပ်၊ ပိဋကတ် သုံးပုံသည် မြန်မာနိုင်ငံ၌သာ ထင်ရှား တည်တံ့လျက် ရှိသည်ဆိုသည်မှာ ငြင်း၍မရသော အချက်တစ်ခုလည်း ဖြစ်ပါသည်။

၁၉။    ခေတ်အဆက်ဆက် တည်တံ့ပြန့်ပွားထွန်းကားလျက်ရှိသည့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ထွန်းလင်းတောက်ပစေရန်နှင့် ဘာသာအသီးသီး၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ရှေးပဝေသဏီကပင် အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ ဌာနအဖြစ်လည်းကောင်း၊ ဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ လက်ဆင့်ကမ်းသယ်ဆောင် ထိန်းသိမ်းခဲ့သည်ကို တွေ့ရှိရမည်ဖြစ် ပါသည်။

၂၀။    ထိုကဲ့သို့ စနစ်တကျလက်ဆင့်ကမ်းသယ်ဆောင် ထိန်းသိမ်းလာခဲ့သည့် နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်တည်တံ့ ပြန့်ပွားစေရန်၊ သာသနာတော် သန့်ရှင်းစေရန်နှင့် နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ကိုးကွယ်ရာဘာသာအသီးသီး ကို ကူညီစောင့်ရှောက်နိုင်ရန် အလို့ငှာ ဝန်ကြီးဌာနတစ်ခုသည် မရှိမဖြစ် ထားရှိရမည် ဖြစ်ပါသည်။

၂၁။    ယနေ့မျက်မှောက် အခြေအနေတွင် ဝန်ကြီးဌာန ရှိသင့်/ မရှိသင့် အစရှိသော အခြေပြုစကား ဝိုင်းများဖြင့် ပြောဆိုလာသည်မှာ သမိုင်းအထောက်အထားနှင့် လိုအပ်ချက်အတိုင်းအတာကို စနစ် တကျလေ့လာမှု မပြုဘဲ မှန်းဆပြောဆိုခြင်းများသည် ဘာသာသာသနာကို ဆုတ်ယုတ်စေနိုင်သည့် ဝမ်းနည်းဖွယ်ရာ အကြောင်းအရာများပင် ဖြစ်ပါသည်။

၂၂။     မည်သို့ပင်ဆိုစေကာမူ ကမ္ဘာဦးအစသမိုင်းမှ ယနေ့မျက်မှောက်ခေတ်အချိန်အထိ လက်ဆင့်ကမ်း သယ်ဆောင်ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်တည်တံ့ခိုင်ခံ့ပြီး ထွန်းလင်းတောက်ပစေရန်နှင့် ကိုးကွယ်ရာ ဘာသာအသီးသီးကို ကူညီစောင့်ရှောက်ပေးနိုင်ရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် သမိုင်းလိုအပ်ချက်နှင့်အညီ မဖြစ်မနေရှိရမည့် ဝန်ကြီးဌာန တစ်ခုဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။