Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 14, Wednesday - December 2016
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာ၊ ဓမ္မသဘုရားပရိဝုဏ်အတွင်းရှိ ဓမ္မသကျောင်းဟောင်း ကျောင်းသစ် မြေအငြင်းပွားမှုနှင့်ဂေါပကအဖွဲ့ ဖွဲ့စည်းများတွင်ပြေလည်မှုမရှိ၍ ၁၂-၁၂-၂၀၁၆ ရက်နေ့ ဆန္ဒပြဖြစ်စဉ် ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ အဖြစ်မှန်အား ရှင်းလင်းခြင်း

၁။      မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာ၊ ဓမ္မသဘုရားပရိဝုဏ်အတွင်းရှိ ဓမ္မသကျောင်းဟောင်း၊ ကျောင်းသစ်အမှုကိစ္စနှင့်စပ်လျဉ်း၍ ၁-၁၂-၁၉၅၆ ရက်နေ့တွင် နိုင်ငံတော်ဝိနိစ္ဆယဌာနက ကျောင်းဟောင်းနှင့် ကျောင်းသစ်ဆရာတော် နှစ်ပါးစလုံးကို လက်ရှိကျောင်းအသီးသီးတွင် သီးတင်းသုံးရန် ဆုံးဖြတ်ခဲ့ပါသည်။

၂။      ထို့နောက် မော်လမြိုင်ခရိုင်လယ်ဝန်ရုံးက ၁၃-၆-၁၉၆၁ ရက်နေ့တွင် ဓမ္မသကျောင်းမြေစုစုပေါင်း ၇.၂၈ ဧကအနက် ကျောင်းဟောင်းမြေ ၂.၁၀ ဧက၊ ကျောင်းသစ်မြေ ၅.၁၈ ဧကကို ပိုင်းခြားပေးခဲ့ပြီး ၂၇-၁၀-၁၉၆၂ ရက်နေ့တွင် မော်လမြိုင်နယ်ပိုင်၊ ဝန်ထောက်မင်းတို့က အဆိုပါကျောင်းမြေခွဲခြားမှုကို စိစစ်သတ်မှတ်ပေးခဲ့ပါသည်။

၃။      ထိုကဲ့သို့ ဓမ္မသကျောင်းမြေကို ပိုင်းခြားခဲ့သော်လည်း ကာလရှည်ကြာသည့်အခါ ကျောင်းသစ် ကျောင်းမှ ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း၊ ကျောင်းအာရာမ်မြေအုတ်တံတိုင်း ကာရံခြင်းတို့မှ စတင်၍ ပြဿနာဖြစ်ပွားခဲ့သဖြင့် တိုင်ကြားခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)က ပြီးငြိမ်းပြီး မှုခင်းအဖြစ် ၃၀-၇-၂၀၁၄ ရက်နေ့တွင် သတ်မှတ်ဆုံးဖြတ်ခဲ့ပါသည်။

၄။      အဆိုပါကျောင်းဟောင်း ကျောင်းသစ်မြေတို့အား ပီပီပြင်ပြင် ပိုင်းခြားဆောင်ရွက်မှု အားနည်း ခဲ့သဖြင့် ကျောင်းသစ်ဆရာတော် ဦးသိပ္ပက ကျောင်းမြေများကို သတ်မှတ်တိုင်းတာအတည်ပြုပေးပါရန် တင်ပြလာမှုအပေါ် ၂၁-၁-၂၀၁၅ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(တတိယအဖွဲ့ခွဲ)က “ပြည်နယ်သံဃနာယကအဖွဲ့က ဓမ္မသဘုရားမြေ/ ဓမ္မသကျောင်းဟောင်းမြေ၊ ဓမ္မသကျောင်းသစ်၊ ရေကန်မြေတို့ကို စိစစ်တင်ပြရန်” ဆုံးဖြတ်ခဲ့ပါသည်။

၅။      ၎င်းဆုံးဖြတ်ချက်အရ ပြည်နယ်သံဃနာယကအဖွဲ့က စိစစ်တင်ပြခဲ့ရာ ၂၃-၇-၂၀၁၅ ရက်နေ့ ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ အဋ္ဌမအစည်းအဝေးက “ပြည်နယ်သံဃ နာယကအဖွဲ့က သက်ဆိုင်ရာအာဏာပိုင်များနှင့်ညှိနှိုင်း၍ တိုင်းတာ သတ်မှတ်သည့်အတိုင်း တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ညွှန်ကြားလွှာအမှတ်(၃၆)နှင့်အညီ ဂေါပကအဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန်” ဟု ဆုံးဖြတ်ခဲ့ပါသည်။

၆။      ထိုကဲ့သို့ ဆုံးဖြတ်ညွှန်ကြားချက်အရ မွန်ပြည်နယ်သာသနာရေးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လမ်းညွှန်မှုတောင်းခံခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့က “သိရှိလိုက်နာဆောင်ရွက်သွားရန်” ဟု ၁၉-၈-၂၀၁၅ ရက်နေ့တွင် ဆုံးဖြတ်ညွှန်ကြားခဲ့ပါသည်။

၇။      ပြည်နယ်သံဃနာယကအဖွဲ့က မြို့နယ်သံဃနာယကအဖွဲ့သို့ ဂေါပကဖွဲ့စည်းရေး ညွှန်ကြားခဲ့ရာ ၁၀-၉-၂၀၁၅ ရက်နေ့တွင် မြို့နယ်သံဃနာယကအဖွဲ့က ကျောင်းဟောင်းဆရာတော် ဦးသောမနှင့်အခြား ဆရာတော် ၄ ပါးတို့အား သြဝါဒါစရိယဆရာတော်များအဖြစ်လည်းကောင်း၊ ကျောင်းသစ်ကို ကိုးကွယ်သည့် ဒါယကာများမပါဘဲ ကျောင်းဟောင်းကို ကိုးကွယ်သည့်လူပုဂ္ဂိုလ် ၂၁ ဦးတို့အား ဂေါပကအဖွဲ့အဖြစ် လည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။

၈။      နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ အဋ္ဌမအစည်းအဝေးဆုံးဖြတ်ချက်ကို ပြည်နယ် သံဃနာယကအဖွဲ့နှင့်ပြည်နယ်သာသနာရေးမှူးတို့က အကောင်အထည်ဖော်ရန် ကျောင်းဟောင်း၊ ကျောင်းသစ် ဆရာတော်များအား ပင့်ဆောင်ခဲ့ရာ ကျောင်းဟောင်း ဆရာတော် ဦးသောမက လိုက်နာမှုမရှိသဖြင့်  ပြည်နယ်သံဃနာယကအဖွဲ့သည် ကျောင်းဟောင်း ဆရာတော် ဦးသောမအား သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူရန် ပြည်နယ်သာသနာရေးမှူးသို့ ညွှန်ကြားခဲ့ပါသည်။

၉။      အဆိုပါညွှန်ကြားချက်အရ ဒေသအုပ်ချုပ်ရေးအဖွဲ့၏သဘောထားမှတ်ချက်ရယူရန် တောင်းခံခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ကန့်ကွက်ရန်မရှိကြောင်း အကြောင်းပြန်ကြားလာခဲ့ပါသည်။ ထိုအကြောင်းကြားချက်နှင့် အညီ သာသနာရေးဦးစီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့ထံ လမ်းညွှန်မှုတောင်းခံခဲ့ရာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် ၂၄-၆-၂၀၁၆ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး ကျောင်းဟောင်း ဆရာတော် ဦးသောမအား ၆-၇-၂၀၁၆ ရက်နေ့တွင် တရားစွဲဆိုခဲ့ပါသည်။

၁၀။    ယခင် ၁၀-၉-၂၀၁၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် သြဝါဒါစရိယဆရာတော်များနှင့် ဂေါပကအဖွဲ့အပေါ် မကျေနပ်သဖြင့် ကျောင်းသစ်ဆရာတော် ဦးသိပ္ပက တိုင်ကြားလာခဲ့ရာ ၂၅-၁၁-၂၀၁၆ ရက်နေ့တွင် ပြည်နယ် သံဃနာယကအဖွဲ့က ကျောင်းသစ်ဆရာတော် ဦးသိပ္ပ၊ ကျောင်းဟောင်း ဆရာတော် ဦးသောမ အပါအဝင် ဆရာတော် ၆ ပါးနှင့် ပြည်နယ်သာသနာရေးမှူးတို့ပါဝင်သော ဂေါပကရွေးချယ်ရေး ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းသွားရန် ညွှန်ကြားခဲ့ပါသည်။

၁၁။    အဆိုပါညွှန်ကြားချက်များအရ ပြည်နယ်သာသနာရေးမှူးသည် ဦးသောမအား တရားစွဲဆိုခဲ့ပြီး ဂေါပက အဖွဲ့သစ် ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးပင့်ဖိတ်စာများ ပေးပို့ခြင်းကို ကျေနပ်မှုမရှိသဖြင့် ကျောင်းဟောင်း ဆရာတော်အား ကိုးကွယ်သည့် ဓမ္မသကျေးရွာမှ ဦးအောင်ငွေသန်း ဦးဆောင်သော  ဓမ္မသကျောင်းဟောင်း ဒါယကာများက ၁၂-၁၂-၂၀၁၆ ရက်နေ့တွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပါသည်။

၁၂။    အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ဆုံးဖြတ်ချက်နှင့်အညီ မွန်ပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှုကိုခံယူ၍ ပြည်နယ်သာသနာရေးမှူးက အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး လိုက်နာမှုမရှိပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။