၁။ အထက်အကြောင်းအရာပါ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဂိုဏ်းထူထောင်သူ ရှင်ဉာဏ(ခ) ရှင်မိုးပြာသည် ၎င်းအနေဖြင့် ထေရဝါဒဗုဒ္ဓဘာသာယုံကြည်သူအဖြစ်ကို စွန့်ပစ်ပြီး ပစ္စုပ္ပန်ကမ္မဝါဒကို ပြောင်းလဲလက်ခံ ကျင့်သုံးနေသူဖြစ်၍ ထေရဝါဒဗုဒ္ဓဘာသာဝင်များ မဟုတ်တော့ခြင်းကြောင့် ထေရဝါဒဗုဒ္ဓသာသာ၏ အမှား အမှန်စီရင်ချက်များကို အကြောင်းပြုပြီး အပြစ်ပေးရန်၊ ညွှန်ကြားချက်များကို လိုက်နာရန် မလိုအပ်ကြောင်း ၁၀-၁၂-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာရေးသားတင်ပြပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့သို့ မိတ္တူပေးပို့လာခြင်းနှင့်ပတ်သက်၍ ၂၆-၁၂-၂၀၁၆ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ နာယကကျောင်းဆောင်၌ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တတိယအထူးအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။
၂။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သဘောထားကြေညာချက်တွင် အောက်ပါအတိုင်း ဖော်ပြထား ပါသည် -
(က) ရှင်ဉာဏ(အဘ) ဦးမြဒင်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်၊ ၁၂/ဥကမ(နိုင်) ၁၈၂၀၀၀ ဆိုသူက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားတင်ပြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ မိတ္တူပေးပို့စာတွင် ၎င်းအနေဖြင့် ထေရဝါဒဗုဒ္ဓဘာသာယုံကြည်သူအဖြစ်ကို စွန့်ပစ်ပြီး ပစ္စုပ္ပန်ကမ္မဝါဒကို ပြောင်းလဲလက်ခံ ကျင့်သုံးနေပြီဖြစ်၍ ထေရဝါဒဗုဒ္ဓဘာသာဝင် မဟုတ်တော့ခြင်းကြောင့် ထေရဝါဒဗုဒ္ဓဘာသာ၏ အမှားအမှန်စီရင်ချက်များကို အကြောင်း ပြုပြီး အပြစ်ပေးရန် ညွှန်ကြားချက်များကို လိုက်နာရန်မလိုအပ်ကြောင်း၊ အဆိုပါ တင်ပြ စာတွင် လက်မှတ်ရေးထိုးရာ၌ “ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ” ဟု ဖော်ပြထားခြင်းမှာ ထေရဝါဒဗုဒ္ဓသာသနာကို စော်ကားခြင်းပင်ဖြစ်ကြောင်း၊
( ခ ) ၎င်းအနေဖြင့် “ရဟန္တာဖြစ်ပြီ” ဟု ကိုယ်တိုင်ကြေညာခဲ့ခြင်းကြောင့် စစ်ကိုင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးသံဃနာယကအဖွဲ့တို့က ဝိနိစ္ဆယလမ်းကြောင်းနှင့်အညီ စနစ်တကျ ခုံရုံးဖွဲ့စစ်ဆေးခဲ့ရာ “ရဟန္တာမဟုတ်ကြောင်း” စစ်ဆေးတွေ့ရှိရသဖြင့် ၁၉၈၃ ခုနှစ်တွင် စတုတ္ထပါရာဇိကကျပြီး လူဝတ်လဲခြင်းခံရသူဖြစ်ကြောင်း၊ ၎င်း၏အယူဝါဒသည် အဓမ္မဝါဒ
ဖြစ်ကြောင်း နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၁၇/၂၀၁၁)ကလည်း ဆုံးဖြတ်ထားပြီး ဖြစ်သည့်အပြင် ၎င်းဆုံးဖြတ်ချက်အရ ယင်းအဓမ္မဝါဒနှင့်သက်ဆိုင်သည့် ဟောပြောခြင်း၊ သင်ကြားပို့ချခြင်း၊ စာအုပ်စာတမ်းများအဖြစ် ရိုက်နှိပ်ဖြန့်ချိခြင်း၊ ကူးယူဖြန့်ချိခြင်းနှင့် အသံဖမ်းတိပ်ခွေ၊ စီဒီများဖြင့် အသံသွင်း ဖြန့်ချိခြင်း၊ အင်တာနက်တင်ထားခြင်းတို့ကို တားမြစ်ပိတ်ပင်လိုက်သည်ဟု ၁၆-၁၂-၂၀၁၁ ရက်နေ့တွင် သာသနာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊
( ဂ ) ၎င်းအနေဖြင့် ထေရဝါဒဗုဒ္ဓဘာသာယုံကြည်သူအဖြစ်ကို စွန့်ပစ်ပြီး ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓ ဘာသာကို ပြောင်းလဲလက်ခံကျင့်သုံးနေသူဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် ၎င်းသည် ဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ခုကို တည်ထောင်နေသူဖြစ်ကြောင်း၊ ဂိုဏ်းသစ်(ဂိုဏ်းခွဲ) များတည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း(၂)၊ အပိုဒ်(၄)နှင့် အပိုဒ်(၈)တို့တွင် ဂိုဏ်းသစ်များခွဲခြားတည်ထောင်မှုကို တားမြစ်ထားကြောင်း၊ ကိုးကွယ်ရာဘာသာများနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈)၊ ပုဒ်မ၊ ၃၆၁ နှင့် ပုဒ်မ၊ ၃၆၂ တို့တွင်လည်း တိကျရှင်းလင်းစွာ ပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်သော အသင်းအဖွဲ့သာ ဖြစ်ကြောင်း၊
(ဃ) ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာကို စော်ကားရန်နှင့် ဗုဒ္ဓဘာသာ ကြည်ညိုကိုးကွယ်သူများ၏ ဘာသာရေးစိတ်ကို နာကျည်းစေရန်အကြံဖြင့် ပြုမူ ဆောင်ရွက်ခြင်းဖြစ်၍ ရာဇသတ်ကြီးဥပဒေ အခန်း(၁၅)၊ ပုဒ်မ၊ ၂၉၅ နှင့် ပုဒ်မ၊ ၂၉၅(က) တို့အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
၃။ သို့ဖြစ်ပါ၍ အထက်ပါအကြောင်းများကြောင့် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာကို ပြန်လည်အသက် သွင်းရန် ကြံရွယ်နေသော ရှင်ဉာဏ(ခ) ရှင်မိုးပြာ(အဘ) ဦးမြဒင်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်၊ ၁၂/ဥကမ(နိုင်) ၁၈၂၀၀၀ ဆိုသူအား ရာဇသတ်ကြီးဥပဒေ အခန်း(၁၅)၊ ပုဒ်မ၊ ၂၉၅ နှင့် ပုဒ်မ၊ ၂၉၅(က) တို့ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ပါကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့မှုအခြေအနေအား အများပြည်သူ သိရှိနိုင်ပါရန် ရှင်းလင်းဖော်ပြအပ်ပါသည်။