Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 12, Thursday - January 2017
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ပေါ်ပေါက်လာမှုသမိုင်းနှင့် မျက်မှောက်ခေတ်အခြေအနေကို လေ့လာသုံးသပ်တင်ပြခြင်း

၁။      ပုဂံခေတ်အနော်ရထာမင်းလက်ထက်မှစ၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဆရာတော် သံဃာတော်များက ဦးဆောင်ဖွင့်လှစ်ခဲ့ကြပြီး ရှေးယခင်က ခေတ်ပညာ(အတန်းပညာ)ကို အခြေမခံဘဲ ဗုဒ္ဓအဆုံးအမ၊ မြန်မာစာနှင့် တွက်ချက်မှုဆိုင်ရာများကို အခြေခံသင်ကြားသောကျောင်းများ ဖြစ်ပါသည်။

၂။      သမိုင်းကျောင်းများနှင့်အတူ ပေါ်ပေါက်ခဲ့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဆရာတော် သံဃာတော်များအဆင့်ဆင့် လက်ဆင့်ကမ်း၍ လွှဲပြောင်းဖွင့်လှစ်လာခဲ့သည့်အပြင် မျက်မှောက် ခေတ်အခြေအနေအရ မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း၊ တွဲဖက်အထက်တန်း အစရှိသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့ဖွင့်လှစ်မှုများ ဆောင်ရွက်လာခဲ့ပါသည်။

၃။      ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါသည်။

          (က)    ဆင်းရဲချမ်းသာမရွေး လူတိုင်း အရေး၊ အဖတ်၊ အတွက် အခြေခံပညာနှင့် ခေတ်ပညာ တက်မြောက်စေရန်။

          (ခ)     ပညာသင်ကြားရေး၌ စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်။

          (ဂ)     ကိုယ့်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး၊ နိုင်ငံအကျိုး၊ သယ်ပိုးလိုသည့် သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်။

          (ဃ)    မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာလိုက်နာခံယူ တတ်ကြ စေရန်။

          (င)     ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်ကြစေရန်။

          (စ)     အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်။

၄။      မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဘုန်းတော်ကြီးသင်ပညာသင်ကြားရေးကျောင်းများ ဖွင့်လှစ်ရာတွင် တူညီသော ပညာရေးအဆင့်အတန်းနှင့် စည်းမျဉ်းစည်းကမ်းများ စနစ်တကျရှိစေရန် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၊ ၄ ရက်နေ့များ၌ ကျင်းပပြုလုပ်သော ပဉ္စမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒွါဒသမအစည်းအဝေးမှ ဘုန်းတော်ကြီးသင်ပညာသင်ကြားရေး စည်းမျဉ်းများကို ပြင်ဆင် ဖြည့်စွက်အတည်ပြုခဲ့ပါသည်။

၅။        ဘုန်းတော်ကြီးသင်ပညာသင်ကြားမှုစည်းမျဉ်း အခန်း (၁)၊ အပိုဒ် (၂) အပိုဒ်ခွဲ (ဃ)အရ ဘုန်းတော်ကြီး သင်ပညာရေးမူလတန်းကျောင်းများအဖြစ် လျှောက်ထားသောကျောင်းသည် အောက်ဖော်ပြပါအင်္ဂါရပ် များနှင့် ညီညွတ်ရမည်ဖြစ်ပါသည်-

          (က)    ကျူးကျော်ကျောင်းမဖြစ်ခြင်း။

          (ခ)     ပြဿနာပေါ်ပေါက်နေသောကျောင်းမဖြစ်ခြင်း။

          (ဂ)     အဆောက်အဦနှင့် ပရိဘောဂပြည့်စုံသောကျောင်းဖြစ်ခြင်း။

          (ဃ)    အရည်အချင်းပြည့်မီသော ဆရာ/ဆရာမများ ပြည့်စုံခြင်း။

          (င)     ရေရှည်တည်တံနိုင်မည့််ကျောင်းဖြစ်နိုင်ခြင်း။

၆။      ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှုစည်းမျဉ်းနှင့်အညီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဖြစ် လျှောက်ထားလာမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ အောက်ဖော်ပြပါ အချက်များကို ကွင်းဆင်းစစ်ဆေးရပါသည်-

(က)    တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ သင်ကြားလျက်ရှိသော အတန်းလိုက်ကျောင်းသားစာရင်း ကောက်ယူရန်။

(ခ)     သင်ကြားပြသလျက်ရှိသော ဆရာ/ဆရာမစာရင်းကောက်ယူရန်။

(ဂ)     ကျောင်းအကျယ်အဝန်း၊ ကျောင်းဆောင်၊ ကျောင်းသုံးပရိဘောဂများ (Multi Media Room၊ စာကြည့်တိုက်)၊ ပြည့်စုံမှုရှိ/မရှိ စာရင်းကောက်ယူရန်။

(ဃ)    ပညာရေးဝန်ကြီးဌာန၏ မူဝါဒသတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိစသည့်လုပ်ငန်း တာဝန်များကို စနစ်တကျ ကွင်းဆင်းဆောင်ရွက်ရန်။

၇။      အထက်ဖော်ပြပါအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု စည်းမျဉ်း နှင့်အညီ ဖွင့်လှစ်ခွင့်ရရှိရေး စီစဉ်ဆောင်ရွက်ပေးခြင်းသာဖြစ်ပြီး အဆိုပါကျောင်းများကို မဖြစ်မနေ ဖွင့်လှစ်ရမည်ဟု စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားခြင်းမရှိပါ။

၈။      ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ဆင်းရဲနွမ်းပါးပြီး ပညာသင်ယူရန်အခက်အခဲရှိသော ကလေးငယ်များ၏ ပညာရေးကို ရှေးရှုလျက် ပရဟိတစိတ်ဓါတ်ထက်သန်သော ဆရာတော်များက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို တစ်ပိုင်တစ်နိုင် တည်ထောင်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ အဆိုပါကျောင်းများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သြဝါဒကိုခံယူ၍ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၏ဩဝါဒနှင့်အညီ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၉။      ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော သင်ရိုး ညွှန်းတမ်းများနှင့်အညီ သင်ကြားစေရေး၊ အဆင့်မြှင့်တင်လာသော ပညာရေးစနစ်နှင့်အညီ သင်ကြားနိုင်ရေး၊ ကျောင်းစီမံအုပ်ချုပ်မှုဆိုင်ရာ စနစ်တကျရှိစေရေး အစရှိသည်တို့အတွက် ဘုန်းတော်ကြီးသင်ပညာရေး စည်းမျဉ်းများနှင့်ကိုက်ညီစေရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ဘုန်းတော်ကြီးကျောင်းပညာ သင်ကြားရေးအဖွဲ့ ဆရာတော်များထံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လျှောက်ထား၍ လိုအပ်သည့်ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေး၊ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းညှိနှိုင်းရေး ကြီးကြပ် ဆောင်ရွက်လျက်ရှိပါသည်။

၁၀။    ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ စတင်ဖွင့်လှစ်စဉ်က ဆရာတော် သံဃာတော်များ ကိုယ်တိုင် ကျောင်းနေသူများကို သင်ကြားခဲ့သော်လည်း ယခုမျက်မှောက်ခေတ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ဆရာ/ ဆရာမများ ခန့်အပ်၍ သင်ကြားပေးမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ရမည်ဖြစ်ပါသည်။ သို့ရာတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများအား နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)နှင့် မကိုက်ညီသည့်အတွက် ဝန်ထမ်းအဖြစ် ခန့်အပ်၍ မရပါ။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများ ခံစားခွင့်ရှိသည့် လစာငွေချီးမြှင့်ရန် မဖြစ်နိုင်ပါ။ ဆရာ/ ဆရာမများ၏ မေတ္တာ၊ စေတနာကို ကျေးဇူးတုံ့ပြန်ခြင်း၊ ကျောင်းအုပ်ဆရာတော်များ အထောက်အပံ့ဖြစ်ခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးခြင်းသာဖြစ်ပါသည်။

၁၁။    ၁၉၇၂ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းခဲ့သော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကို ၁၉၉၃-၁၉၉၄ ပညာသင်နှစ်မှစ၍ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ ကြပါသည်။ နိုင်ငံတော်မှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဆရာ/ ဆရာမ ၆၈၂၁ ဦးအတွက် ငွေကျပ် ၃ ဘီလီယံ၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဆရာ/ ဆရာမ ၇၄၅၇ ဦးအတွက် ငွေကျပ် ၃.၃၂ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ဆရာ/ ဆရာမ ၇၆၆၉ ဦးအတွက် ငွေကျပ် ၃.၄၇ ဘီလီယံ ထောက်ပံ့ ပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ဆရာ/ ဆရာမ ၈၂၅၀ ဦးအတွက် ငွေကျပ် ၃.၇၁၁ ဘီလီယံ ထောက်ပံ့ပေးလျက်ရှိပါသည်။ ထောက်ပံ့ငွေနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    မူလတန်းပြဆရာ/ ဆရာမ တစ်ဦးလျှင် လစဉ်ထောက်ပံ့ငွေ ၃၆၀၀၀ ကျပ်

          (ခ)     အလယ်တန်းပြ ဆရာ/ ဆရာမ တစ်ဦးလျှင် လစဉ်ထောက်ပံ့ငွေ ၄၁၀၀၀ ကျပ်

          (ဂ)     အထက်တန်းပြဆရာ/ ဆရာမ တစ်ဦးလျှင် လစဉ်ထောက်ပံ့ငွေ ၄၅၀၀၀ ကျပ်

၁၂။    ရှေးယခင်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ဆရာတော် သံဃာတော်များကိုယ်တိုင် ကျောင်းသင်ခန်းစာများကို သင်ကြားပို့ချပြီး ဆရာဒကာညီညွတ်စွာ ဆောင်ရွက်ခဲ့သဖြင့် ပြဿနာ တစ်စုံတစ်ရာမရှိခဲ့သော်လည်း ယနေ့မျက်မှောက်ခေတ်အခြေအနေတွင် အချို့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ဆရာမများနှင့် ကျောင်းသူများသည် အုပ်ချုပ်သူသံဃာတော်များနှင့် လက်ပွန်းတတီး ဖြစ်လာကြသည့်အခါ မလိုလားအပ်သည့် လူမှုရေးဆိုင်ရာ ပြဿနာအများအပြားဖြစ်ပေါ်လျက်ရှိသဖြင့် ဥပဒေအရ လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်နေခဲ့ရပါသည်။

၁၃။    ယခုအခါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအချို့သည် ၎င်းတို့၏ အခက်အခဲများအား အများပြည်သူသိရှိစေရန် လူမှုကွန်ယက်အင်တာနက်စာမျက်နှာများမှတစ်ဆင့် သတင်းများ လှုံ့ဆော် ရေးသားလျက်ရှိရာ ဖတ်ရှုလေ့လာကြသူများက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများကို သိရှိနားလည်ခြင်းမရှိဘဲ အစိုးရကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဦးစီးဌာနကိုသော်လည်းကောင်း ဝေဖန်ပြစ်တင် ပြောဆိုရေးသားဖြန့်ဝေမှုများ ပြုလုပ် လာခဲ့ပါသည်။

၁၄။    ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် မဖွင့်လှစ်စဉ်က သတ်မှတ်ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှသာ ဖွင့်လှစ်ခွင့်ပြုခြင်း၊ သက်ဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ ကျောင်းနာယက (သို့မဟုတ်) ကျောင်းအုပ်ဆရာတော်များက ရေရှည်တည်တံ့နိုင်မည့်ကျောင်းဖြစ်ခြင်း၊ အစစအရာရာ ပြည့်စုံခြင်း အစရှိသည့်အချက်များကို ဝန်ခံကတိပြုပြီးမှသာ ဖွင့်လှစ်ခွင့်ရရှိခြင်းဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ငွေကြေး၊ ပရိဘောဂများ၊ သင်ကြားမှု/ သင်ယူမှု အထောက်အကူပြုပစ္စည်းများ၊ ဆရာ/ ဆရာမများ ပြည့်စုံမှုမရှိသည့်အခါ ယခုကဲ့သို့ အင်တာနက်စာမျက်နှာမှတစ်ဆင့် လှုံ့ဆော် ရေးသားဖြန့်ဝေဖော်ပြလာခြင်းဖြစ်ကြောင်း အများပြည်သူသိရှိစေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။