Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 12, Thursday - January 2017
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် အခန်း(၁၀၆)ခန်း ဖျက်သိမ်းရမည့်ကိစ္စနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ သဘောထားရပ်တည်ချက် ထုတ်ပြန်ခြင်း

၁။      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် ပြည်တွင်း/ ပြည်ပ ဘုရားဖူးဧည့်ပရိတ်သတ်များ၏ အထွတ်အမြတ်ထားရာ စေတီတော်တစ်ဆူဖြစ်ပါသည်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို အမှီပြု၍ စီးပွားရေးလုပ်ငန်းရှင်အချို့က ဥပဒေနှင့်မညီညွတ်သော ဟိုတယ်၊ တည်းခိုခန်းများ တည်ဆောက်ခြင်းကြောင့် စေတီတော်မြတ်ကြီး၏မြင်ကွင်းပသာဒကိုလည်းကောင်း၊ ဝန်းကျင်သဘာဝမြင်ကွင်းကိုလည်းကောင်း၊ ရှေးဟောင်းအဆောက်အဦများ၏ပုံရိပ်ကိုလည်းကောင်း ထိခိုက်စေပြီး အထပ်မြင့်ဟိုတယ်များကြောင့် မူလဘူမိမြေသားခိုင်မာမှုကို ပျက်စီးစေ၍ မြေသားပြတ်ရွေ့မှုများ ဖြစ်ပေါ်လာနိုင်ပြီး ဘေးအန္တရာယ် ကျရောက်စေနိုင်မည်ဖြစ်ပါသည်။

၂။      အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ပရိဝုဏ်နှင့် ဆက်စပ်ဧရိယာအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအသီးသီးအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၇-၆-၂၀၁၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ တောင်တော်ပေါ်ရှိ ရိုးရိုလေးဟိုတယ် အထပ်မြှင့်တည်ဆောက်ထားသည့် အခန်း(၁၀၆)ခန်းအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက စီမံကြပ်မတ် ဖျက်သိမ်းရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၃။      ထိုသို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း သက်ဆိုင်ရာလုပ်ငန်းရှင်က ပြည်ပဘုရားဖူးဧည့်သည်များ ကြိုတင်လက်ခံထားသည်ကို အကြောင်းပြု၍ အသနားခံစာတင်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ၃ လ ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။ ထိုမှတစ်ဖန် ဆက်လက်အသနားခံသဖြင့် ထပ်မံ၍ ၃ လ လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။

၄။      အဆိုပါအကြောင်းအရာကိစ္စနှင့်စပ်လျဉ်း၍ ဟိုတယ်လိုင်စင်ပိတ်သိမ်းထားသော အခန်း(၁၀၆)ခန်းကို သက်ဆိုင်ရာဦးစီးဌာနက ဟိုတယ်လိုင်စင် တရားဝင်ထုတ်ပေးရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဘုရားဖူးပြည်သူများက စုံစမ်းမေးမြန်းမှုများ ပြုလုပ်လာခဲ့ပါသည်။

၅။      ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏တောင်တော်ပေါ်တွင် တည်ဆောက်ထားခဲ့သော အထပ်မြင့် ရိုးရိုးလေးဟိုတယ်များအား စိစစ်ရာတွင် အောက်ပါအချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်း လေ့လာတွေ့ရှိရပါသည်-

          (က)    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ခွင့်ပြုချက် တောင်းခံခဲ့မှု မရှိခြင်း။

          (ခ)   စေတီတော်ပရိဝုဏ်နှင့် ဆက်စပ်ဧရိယာအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၌ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူမှုမရှိခြင်း။

 

          (ဂ)  အဆောက်အဦနှင့် ဆောက်လုပ်မည့် ပုံစံဒီဇိုင်းများကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့တို့ထံ ခွင့်ပြုချက်တောင်းခံမှုမရှိခြင်း။

          (ဃ)    အထပ်မြင့်ဟိုတယ်များ တည်ဆောက်ပြီးစီးချိန်တွင် ဟိုတယ်လုပ်ငန်းလိုင်စင် ရယူမှု မရှိခြင်း၊ အခွန်အရပ်ရပ်အား တိမ်းရှောင်ခြင်း၊ ယခင်ဂေါပကအဖွဲ့များအား စည်းရုံး၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

          (င)   ခွင့်ပြုချက်မဲ့ တည်ဆောက်ထားသော ဟိုတယ်အခန်းများသည် တည်းခိုခန်းခ မြင့်မားစွာ ပေး၍ တည်းခိုရခြင်း။

          (စ)   ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသော ဟိုတယ်များသည် သတ်မှတ်အမြင့်ပေထက် ပိုမို ဆောက်လုပ်ခဲ့ခြင်း။

၆။      အဆိုပါအကြောင်းများကြောင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏တောင်တော်ပေါ်တွင် တည်ဆောက်ထားသော ဟိုတယ်လုပ်ငန်းလိုင်စင်မဲ့ အခန်း (၁၀၆)ခန်းနှင့်စပ်လျဉ်း၍ ၂၇-၆-၂၀၁၆ ရက်နေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချမှတ်ထားသော ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဤဝန်ကြီးဌာန၏ သဘောထားရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိကြောင်း အများပြည်သူသိရှိနိုင်စေရန် အသိပေးရှင်းလင်း ဖော်ပြအပ်ပါသည်။