Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 24, Friday - February 2017
မန္တလေးမြို့၊ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်ချက်များ

၁။      မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားများအနက် ထင်ရှားကျော်ကြားသော ရုပ်ပွားတော်တစ်ဆူဖြစ်ပါသည်။ ပြည်တွင်း/ပြည်ပမှ ဘုရားဖူးများဖြင့် အမြဲမပြတ် စည်ကားနေလေ့ရှိပြီး လက်ရှိဂေါပကအဖွဲ့သစ် တာဝန်ယူပြီးနောက် လုပ်ငန်းနှင့် ဘဏ္ဍာငွေတိုးတက်စေရေးအတွက် စနစ်တကျ စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။

၂။      မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ကပ်လှူသည့်ရွှေဆိုင်းများ၏ အရည်အသွေး၊ အရွယ်အစား များကို မှန်ကန်တိကျစေရန် စက်ဖြင့်စစ်ဆေးခြင်း၊ ပြင်ပရွှေဆိုင်းများ ရောနှောရောင်းချမှု မရှိနိုင်စေရန် Hologram တံဆိပ် အမှတ်အသားပြုလုပ်ခြင်း၊ ရွှေဆိုင်းအရောင်းဝန်ထမ်းများကို ကွန်ပျူတာထိန်းချုပ် စနစ်ဖြင့် ရောင်းချစေခြင်း အစရှိသော နည်းစနစ်များဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။

၃။      မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ကျောင်းတော်ကြီးအတွင်း သန့်ရှင်းမှုရှိစေရန် အစားအသောက်များ စားသုံးခြင်း၊ လဲလျောင်းအိပ်စက်ခြင်း၊ ဖိနပ်များယူဆောင်ခြင်း မရှိစေရေးတို့အတွက် စောင်းတန်း လေးသွယ်၏ ကျောင်းတော်ကြီးအဝင် ၄ နေရာတွင် LED ဆိုင်းဘုတ်တပ်ဆင်၍ အများပြည်သူအား အသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။

၄။      ၁၉၉၅ ခုနှစ်က ရွှေချထားသည့် ကျောင်းတော်ကြီး၏တိုင်များနှင့် နံရံဂုံးများ၏ အမြင့်ပိုင်း နေရာ သန့်ရှင်းစေရန် Battery ကား(Scissor Lift)ဖြင့် သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိပြီး လိပ်ကန် ဥယျာဉ်အရှေ့ဘက် သန့်စင်ခန်းများအား ဘုရားဖူးများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် အခန်း ၁၂ ခန်း နှင့် အပေါ့စွန့်ကန် ၅ ကန်ပါ သန့်စင်ခန်းများ အသစ်ဆောက်လုပ်ခဲ့ပြီး ဘုရားကြီးပရိဝုဏ်တွင် အမှိုက်ပုံး အသစ်များ ထားရှိ၍ စနစ်တကျ အမှိုက်များ စွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်းတို့ကို နေ့စဉ် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၅။      တောင်ဘက်စောင်းတန်းနှင့် အနောက်ဘက်စောင်းတန်း ပြာသာဒ်လိုဏ်များအတွင်းရှိ ရှေးလက်ရာ နံရံဆေးရေးပန်းချီများ ပျက်စီးမှု မရှိစေရန် မြန်မာနိုင်ငံ မြို့ပြအင်ဂျင်နီယာအသင်း၏ အကြံပြုချက် များအတိုင်း မိုးရေလုံအောင် ပြုပြင်ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ဘုရားကြီး ပရိဝုဏ်ဧရိယာ ဧက ၅၀ ကို ကောင်းကင်မြေပုံ Digital Mapping ရေးဆွဲခြင်း၊ တည်နေရာနှင့် မြေ အနိမ့်အမြင့် အသေးစိတ်ဖော်ပြသော Topography ပုံများကို Suntac ကုမ္ပဏီ (ရန်ကုန်)နှင့် ပူးပေါင်းရေးဆွဲထားသော မြေပုံများကို မြန်မာနိုင်ငံ ဗိသုကာ အင်ဂျင်နီယာအသင်း၏အကူအညီကို ရယူ၍ တည်းဖြတ်ဆောင်ရွက် လျက်ရှိပါသည်။

၆။      မဟာမုနိဘုရားကြီး၏ နှဖူးတော်တွင် နှစ်ပေါင်းများစွာ ဆက်ကပ်ထားသော ရွှေများကို ဩဝါဒါစရိယ ဆရတော်ကြီးများ၏ဩဝါဒ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်များကို ရယူ၍ မျက်နှာတော်(နှဖူးတော်)အား ရောင်တော်ဖွင့် မင်္ဂလာကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

၇။      ဂန္ဓကုဋိတိုက်တော်အတွင်း အအေးဓာတ် လုံလောက်စွာ ပေးနိုင်သည့် Mitsubishi ချိတ်ဆွဲ လေအေးစက် ၂ လုံး တပ်ဆင်ခြင်း၊ နိုင်ငံခြားပညာရှင်များနှင့် Lighting Design Concept အသစ်ရေးဆွဲပြီး ထွန်းညှိသည့်မီး Light Generator များကို အပြင်ဘက်တွင် ထားရှိပြီး အတွင်းတော်သို့ အလင်းရောင်သာ ဝင်ရောက်စေသည့် Fiber Optic ဖန်သားမျှင်ကြိုးဖြင့် ထွန်းညှိပူဇော်နိုင်ရန် ဒိန်းမတ်နိုင်ငံ အင်ဂျင်နီယာ များနှင့် ဆွေးနွေးတိုင်ပင်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အတွက် အထူးသီးသန့်ထုတ်လုပ်ရမည့် Fiber Optic ကြိုးများကို မှာယူခဲ့ပြီးဖြစ်ပါသည်။ ယင်းလျှပ်စစ်မီး ပူဇော်သည့်စနစ်မှာ ဤမျှကြီးမားသော ရုပ်ပွားတော် အတွက် ကမ္ဘာတွင် ပထမဆုံး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရပြီး ဧပြီလဆန်းတွင် ပစ္စည်းများ ရောက်ရှိတပ်ဆင်မည်ဖြစ်ပါသည်။

၈။      ဂန္ဓကုဋိအတွင်းတော် လုံခြုံစိတ်ချစေရန်အတွက် အတွင်းတော်သို့ဝင်ရောက်မည့် ဘုရားဖူးများ အန္တရာယ်ရှိသည့်ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးနိုင်သည့် Walk Through ၊ Hand Detector ကို ရှေ့တော်နှင့် တောင်ဘက်တို့ရှိ အဓိကဝင်ပေါက်များတွင် တပ်ဆင်ထားရှိ၍ လုံခြုံမှု အားကောင်းစေရန် အရံအတားများ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ မဟာရာမ်တံတိုင်း(၃)ထပ် အတွင်းနှင့်အပြင် ပရိဝုဏ်တွင် နေရာပေါင်းစုံ သန့်ရှင်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးတို့ကို အထူး အလေးထားဆောင်ရွက်ပြီး ပြည်တွင်း/ ပြည်ပဘုရားဖူး ဧည့်ပရိတ်သတ်များ စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင် ရေးအတွက် ဂေါပကအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၉။        မဟာမုနိဘုရားကြီးဂေါပက၏ ၃၁-၃-၂၀၁၆ ရက်နေ့ရှိ ဘဏ္ဍာငွေစာရင်းမှာ ငွေကျပ် ၈၇၁၃၈,၉၃၇၂၉.၇၅ ဖြစ်ပြီး အစိုးရသစ်လက်ထက် ၃၁-၁-၂၀၁၇ ရက်နေ့ရှိ ဘဏ္ဍာငွေစာရင်းမှာ ငွေကျပ်  ၁၀၆၄၅၁,၇၇၇၅၇.၁၀/-ကျပ် ဖြစ်သဖြင့် အလှူငွေတိုးတက်ရရှိမှုမှာ ငွေကျပ် ၁၉၃၁၂,၈၄၀၂၇.၃၅ ဖြစ်ကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။