၁။ ဘုရားဖူးပြည်သူများ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုရာတွင် ဖိနပ်အပ်ရန် ဌာန၌ ဖိနပ်အပ်ခ တစ်ရံလျှင် ၅၀ ကျပ်ဟု ဗီနိုင်းဖြင့် ဖော်ပြထားသော်လည်း တစ်ရံလျှင် ၁၀၀ ကျပ် ကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက် အင်တာနက်စာမျက်နှာ၌ ထုတ်လွှင့်ဖော်ပြ၍လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့လည်းကောင်း တိုင်ကြားလာမှုများ ရှိလာပါသည်။
၂။ အဆိုပါတိုင်ကြားလာမှုနှင့်ပတ်သက်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ စောင်းတန်းကြီး ၄ ခုတွင် ဂေါပကအဖွဲ့က ကန်ထရိုက်စနစ်ဖြင့် ဖိနပ်အပ်ရန် ဆောင်ရွက်ထားခြင်း ရှိ/ မရှိ၊ ရှိပါက ကန်ထရိုက် စာချုပ်ပါအတိုင်း ကောက်ခံခြင်း ရှိ/မရှိတို့ကို စိစစ်၍ ဖိနပ်အပ်ခကို စာချုပ်ပါသတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ဂေါပကအဖွဲ့မှ ကန်ထရိုက် ချပေးမှုအား သက်တမ်း မပြည့်မီ ပြန်လည်ရုပ်သိမ်းသွားရန်၊ ယခုဆောင်ရွက်လျက်ရှိသော ကန်ထရိုက်စနစ်ဖြင့် ဖိနပ်အပ်ခကောက်ခံမှုအား သက်တမ်း ကုန်ဆုံးပါက ဖျက်သိမ်းသွားရန်၊ နောင်တွင် ဖိနပ်အပ်ရန် နေရာများ၌ ဂေါပကအဖွဲ့မှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ပြီး အလှူခံပုံးများ ထားရှိသွားနိုင်ရေးတို့အား ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သို့ အကြောင်းကြားထားခဲ့ ပါသည်။
၃။ သို့ဖြစ်ပါ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဖိနပ်အပ်ရန် လက်ခံသည့်စနစ်အပြင် သန့်စင်ခန်း အသုံးပြုမှု ကောက်ခံခြင်းကို ကန်ထရိုက်စနစ် ဖျက်သိမ်း၍ ၁-၃-၂၀၁၇ ရက်နေ့မှစ၍ ဂေါပကအဖွဲ့ရုံးမှ ဝန်ထမ်းများနှင့်သာ လက်ခံဆောင်ရွက်၍ အလှူခံပုံး ထားရှိဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။