Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 03, Friday - March 2017
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းဖော်ပြခြင်း

၁။      သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၇-၂-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးက အောက်ပါဆုံးဖြတ်ချက်(၃)ရပ်ကို ချမှတ်ခဲ့ပါသည်-

          (က)    ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကုန်းတော်မြေ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်ခန့်ရေး၊

      (ခ)   စေတီတော်မြတ်ကြီး၏လုံခြုံရေး အာမခံချက် အပြည့်အဝရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရေး၊

      (ဂ)   ပြည်တွင်း/ပြည်ပ ဘုရားဖူးဧည့်ပရိတ်သတ်များ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရေး၊

၂။      ရွှေတိဂုံစေတီတော်မြတ်ကြီး ကုန်းတော်မြေ ကြံ့ခိုင်ရေးအတွက် မူလတည်ရှိသော အဆောက်အဦ များကိုသာ ထိန်းသိမ်းမွမ်းမံဆောင်ရွက်ခြင်း၊ အဆောက်အဦသစ်များ ဆောက်လုပ်မှု မပြုစေခြင်း၊ မိုးရွာသွန်းမှုကြောင့် စေတီတော်  ကိုယ်လုံးတော်အတွင်းသို့ မိုးရေများ စိမ့်ဝင်မှုမရှိစေရန် ဆောင်ရွက်ခြင်း၊ ကုန်းတော်ပေါ်သို့ ကျရောက်လာသည့် မိုးရေများ ရေဆင်းမြောင်းမှတစ်ဆင့် အောက်ခြေ ရေထုတ်မြောင်း များသို့ စနစ်တကျစွန့်ထုတ်နိုင်ရေး ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိပါသည်။

၃။      ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ရှိသော ကြွေပြားများ၏အပူရှိန်ကြောင့် ဘုရားဖူးဧည့်ပရိတ်သတ်များ ဘုရားဖူးရာတွင် အဆင်မပြေမှု မဖြစ်ပေါ်စေရေးအတွက် ကြွေပြားများ (အစား) အပူဒဏ်ကို ကာကွယ်ပေးသော စကျင်ကျောက်ပြားများဖြင့် အစားထိုးလဲလှယ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၄။      ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများမှ ဖူးမြော်ရာတွင် ရွှေတောင်ကြီးအလား ထင်ရှားသပ္ပါယ်စွာ ဖူးမြော်နိုင်ရေးအတွက် စေတီတော်မြတ်ကြီးတွင် ဆက်ကပ် လှူဒါန်းထားသော ရွှေသင်္ကန်းတော်များ၏အရည်အသွေးနှင့် အရောင်အဆင်းတို့အပေါ်တွင် များစွာ ပဓာနကျသဖြင့် ရွှေသင်္ကန်းတော်ကပ်လှူရာတွင် အရည်အသွေးနှင့် အရောင်အဆင်းများ တစ်ညီတစ်ညာ တည်းဖြစ်စေရန် စီမံချက်ချကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၅။      ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ၁၉၉၉ ခုနှစ်မှစ၍ ၅ နှစ် ၁ ကြိမ် ရွှေသင်္ကန်းတော် ကပ်လှူခြင်းကို ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရွှေသင်္ကန်းဆက်ကပ်ရန် အချိန် ကျရောက်မည်ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကပ်လှူလျက်ရှိသည့် ရွှေသင်္ကန်းတော် အမျိုးအစား ၃ မျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    ရွှေပြား(Gold Plate)           (ငှက်ပျောဖူးတော်မှ ခေါင်းလောင်းတော်အထိ)

          (ခ)   ရွှေစင်ပြား(Gold Coating)   (ကြာမှောက်/ ကြာလန်/ ပန်းဆွဲ ၁၆ ခု၊ ကျည်းဝန်း၊ နှစ်မြှောင့်ပစ္စယာအထိ)

      (ဂ)   ရွှေမျက်ပါး/ ရွှေဆိုင်း            (ပစ္စယာ ၅၁ ဆင့်အထိ)

၆။      ကောဇာသက္ကရာဇ် ၁၂၆၀ ခုနှစ်မှစတင်၍ ပိုမိုတင့်တယ် ကြည်ညိုဖွယ်ရှိစေရန် အများပြည်သူတို့၏ လှူဒါန်းနိုင်မှု၊ ရွှေတိဂုံစေတီတော်၏ အလှူရံပုံငွေတောင့်တင်းမှုကို  အခြေခံလျက် ရွှေပြားသင်္ကန်းတော် (Gold  Plate)များကို ကပ်လှူခဲ့ရာ ၂၀၀၈/ ၂၀၀၉ ဘဏ္ဍာရေးနှစ်ထိ အထက်ဆုံး ငှက်ပျောဖူးတော်မှ ခေါင်းလောင်းတော်အထိ ကပ်လှူနိုင်ခဲ့ပြီး ပျက်စီးမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

၇။      ခေါင်းလောင်းတော်အနား၏ အောက်ပိုင်း ကြေးဝန်း (၅)ခုနှင့် ပစ္စယာအဆင့်ဆင့်တို့သည် ငြမ်းထိုးရန်မလိုဘဲ လွယ်လင့်တကူ တက်ရောက်နိုင်ပြီး လုံခြုံမှုထိန်းသိမ်းရန် ခက်ခဲသဖြင့် ရွှေပြား သင်္ကန်းတော်များ (Gold Plate) (အစား) ၂၀၁၄-၂၀၁၅ ခုနှစ် ရွှေသင်္ကန်းတော်ကပ်လှူရေးစီမံကိန်း၌ ပန်းဆွဲကြီး ၁၆ ခု၊ ကြေးဝန်းကြီး ၃ ခုနှင့် ရှစ်မြောင့်ပစ္စယာ (၁၀)ရစ်ခန့်ကို ရွှေစင်ပြား(Gold Coating) များ ကပ်လှူခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ပစ္စယာ ၅၁ ဆင့်ကို နှစ်စဉ် နှစ်တိုင်း ရွှေမျက်ပါး/ ရွှေဆိုင်းများ ကပ်လှူခဲ့ပါသည်။

၈။      ရွှေတိဂုံစေတီတော်မြတ်ကြီး၏လက်ရှိ ဆက်ကပ်ထားသော ရွှေသင်္ကန်းတော်များ၏ ရွှေရောင် များသည် ညီညာမှု မရှိဘဲ ရွှေရောင်များကွက်လျက် ဖြစ်ပေါ်နေသည်ကို လေ့လာတွေ့ရှိနေရသဖြင့် အနာဂတ်ရွှေသင်္ကန်းတော် ဆက်ကပ်မှု၌ ရွှေရောင်ညီညာမှုရှိစေရန် ရွှေသင်္ကန်းတော် ထုတ်လုပ်မှုဖြစ်စဉ် များအား စစ်ဆေးရေးအဖွဲ့များဖြင့် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၉။      ရွှေစင်ပြား(Gold Coating) ထုတ်လုပ်မှုနည်းစနစ်မှာ ရွှေစင်ရွှေသားကို ရွှေမှုန့်များပြုလုပ်ပြီး ပြဒါးဖြင့်ရော၍ ကြေးပြားအား အပူပေးထားချိန်တွင် သုတ်လိမ်းရပါသည်။ ရွှေမှုန့်သည် ကြေးပြား၌ တွဲဆက်သွားသောအခါ မီးအပူပေး၍ ပြဒါးကို ပြည်လည်ထုတ်ယူထားသော စနစ်ဖြစ်ပါသည်။

၁၀။    ၎င်းစနစ်သည် ပြဒါးကို အဓိကအသုံးပြုရသဖြင့် အန္တရာယ်များပြီး အငွေ့ကို ရှူမိပါက ဇီဝနည်းအရ ဆင့်ကဲ ဆင့်ကဲ ပြဒါးဆိပ်သင့်သည့် ရောဂါဖြစ်ခြင်း၊ ရွှေမှိုက် ထုတ်ခြင်းနှင့် ရွှေသန့်စင်ခြင်း လုပ်ငန်းတို့ကို လုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းအပြင် အဆိုပါစနစ်သည် ရွှေ၏ အရောင်အဆင်းညီညာမှုနှင့် အရည်အသွေး စစ်ဆေးရန် ခက်ခဲပြီး ကုန်ကျစရိတ်များပြားခြင်း၊ အလေအလွင့်များပြားခြင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များပြားခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

၁၁။     အဆိုပါအကြောင်းများကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အနာဂတ်ရွှေသင်္ကန်းတော်များ ကပ်လှူရေးစီမံကိန်းကို အောက်ပါစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဖြစ်ပါသည်-

            (က)    ရွှေပြား(Gold Plate)           (ငှက်ပျောဖူးတော်မှ ခေါင်းလောင်းတော်အထိ)

          (ခ)   ရွှေမျက်ပါး/ ရွှေဆိုင်း            (ကြာမှောက်/ ကြာလန်/ ပန်းဆွဲ ၁၆ ခု၊ ကျည်းဝန်း၊ နှစ်မြှောင့်ပစ္စယာ၊ ပစ္စယာ ၅၁ ဆင့်အထိ)

၁၂။    ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၁၉-၂-၂၀၁၇ ရက်နေ့ ဘဏ္ဍာငွေ လက်ကျန်စာရင်းမှာ မြန်မာ ငွေကျပ် ၆၀ ဘီလျံယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ရှိပြီးဖြစ်ပါသည်။ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အနာဂတ်ရွှေသင်္ကန်းတော်များ ကပ်လှူရေးစီမံကိန်း၌ ရွှေပြားသင်္ကန်းတော် (Gold Plate) ထုတ်လုပ်နိုင်ရေးအတွက် ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံမှ ရွှေပြားကြိတ်စက် ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၃။    အဆိုပါရွှေပြားကြိတ်စက် ရောက်ရှိပါက ရွှေစင်ပြား ၁၀ ကျပ်သားတုံးများကို ရွှေပြားကြိတ်စက်ဖြင့် ကြိတ်၍ ရွှေပြားသင်္ကန်းတော်များ ထုတ်လုပ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေါင်းလောင်းတော် အောက်ခြေမှ ကျည်းဝန်းအထိ တစ်ဆင့်ပြီးတစ်ဆင့် ရွှေပြားသင်္ကန်းတော်များ ဆက်ကပ်သွားမည် ဖြစ်ပါသည်။ ထိုသို့ ဆက်ကပ်ခြင်းအားဖြင့် ရွှေ၏အလျော့တွက်၊ အလေးချိန်၊ အရောင်အဆင်းများ ပျက်စီးဆုံးရှုံးလျော့နည်းမှုကို ပပျောက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ရွှေပြားသင်္ကန်းတော် (Gold Plate) ထုတ်လုပ်မှုကို အလုပ်ရုံဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်ပြီး ဆောင်ရွက်ချက်အဆင့်ဆင့်ကို CCTV များ တပ်ဆင်၍ လည်းကောင်း၊ တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များမှ စနစ်တကျ စဉ်ဆက်မပြတ် ကြီးကြပ်၍ လည်းကောင်း စနစ်တကျ မှတ်တမ်းတင်၍ အများပြည်သူ သိရှိနိုင်စေရန် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၄။    ရွှေတိဂုံစေတီတော်မြတ်ကြီး၏လုံခြုံရေး အာမခံချက် အပြည့်အဝရရှိရေးအတွက် ရင်ပြင်တော်နှင့် ပရိဝုဏ်အသီးသီး၌ အလင်းအားဖြည့်စနစ် ဆောင်ရွက်ခြင်း၊ CCTV Camera များ အားဖြည့်တပ်ဆင်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးဝန်ထမ်းများ ပူးပေါင်းပါဝင်သော လုံခြုံရေးစီမံချက်ဖြင့် ဆောင်ရွက်ခြင်း၊ Anti-Drone များဖြင့် Drone အန္တရာယ်ကို ကာကွယ်ခြင်း၊ လုံခြုံရေးစီမံချက်၌ ပြည်သူများ၏ အကြံဉာဏ်ကို ရယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရေး အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်း ဖော်ပြအပ်ပါသည်။