Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 11, Saturday - March 2017
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာများကို ဖောက်ဖျက်ကျူးလွန်သဖြင့် ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသအား အရေးယူဆောင်ရွက်ထားရှိမှုအခြေအနေ ရှင်းလင်းတင်ပြခြင်း

၁။     မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မ သဟာရကျောင်းတိုက်ဆရာတော် ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသသည် ၎င်း၏ Wira Thu facebook account မှ ၂၆-၂-၂၀၁၇ ရက်နေ့၊ ည ၁၀ နာရီ ၃၉ မိနစ်အချိန်တွင်ချောင်ကြိုချောင်ကြားက ကြည်လင်းများ ခေါင်းစဉ်ဖြင့် ဒါပေမယ့် ဒီပွဲမှာတော့ အနာဂတ်မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက် သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်။ ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်။ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်။ သူတို့မိသားစုတွေကို စာနာမိတယ်။ သို့မဟုတ်ရင် ငါးနှစ်အတွင်းမှာ ထိုင်းလို အဖျက်အုတ်မြစ် ခိုင်သွားနိုင်တယ်။ တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ် ချင်သူတွေ သတိထားကြ။ ခြေဥ ဖျက်ချင်သူတွေ သတိထားကြ။ ကြည်လင်းတွေ ချောင်ကြိုချောင်ကြားက ထွက်လာမှ မဘသကို လွှဲမချနဲ့။ တပ်ကိုယ်စားလှယ်တွေဟာ အခြားနိုင်ငံမှာ မလိုအပ်ပေမယ့် ငါတို့ နိုင်ငံမှာတော့ လိုအပ်နေသေးတယ်”စသည်ဖြင့် ရေးသားဖော်ပြခဲ့ပါသည်။

၂။      ထို့အပြင် Wira Thu facebook account မှ ၁-၃-၂၀၁၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၄၄ မိနစ် အချိန်၌ အခြေခံဥပဒေကို ပြင်ဆင်ချင်သူတွေအတွက် သတင်းစကားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝီရသူ-မစိုးရိမ် account မှ ၂-၃-၂၀၁၇ ရက်နေ့၊ ညနေ ၆ နာရီ ၅၁ မိနစ် အချိန်၌ ဒကာတော် ဦးကြည်လင်း ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ”စသည့် ရေးသား မှုများကိုလည်းကောင်း၊ ၅-၃-၂၀၁၇ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ် အချိန်၌ “ပျော်စရာကောင်းတဲ့ မသာအလောင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း ရဟန်းတော်တစ်ပါး၏ ဝိနည်းသိက္ခာနှင့် မညီသည့် ရေးသားမှုများကို လှုမှုကွန်ရက် အင်တာနက်သို့ လွှင့်တင်ခဲ့ပါသည်။

၃။     ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသသည် ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ၉-၂-၂၀၁၇ ရက်နေ့ညတွင် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ ကျုံကူးကျေးရွာ ဘောလုံးကွင်း၌ “ဒို့တာဝန်အရေး(၃)ပါးနှင့် ၉၆၉” ခေါင်းစဉ်ဖြင့် တရားဟောခဲ့ကြောင်း၊ ဟောပြောရာတွင် သမ္မတကြီးဦးသိန်းစိန် အစိုးရနှင့် သမ္မတကြီး ဦးထင်ကျော် အစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နှိုင်းယှဉ်ဝေဖန်၍ နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဟောပြောခြင်း၊ မတူညီသော ဘာသာဝင်များအကြားတွင် အမုန်းတရားများ ကြီးထွားစေရန် လှုံ့ဆော်ဟောပြောခြင်းများ ပြုလုပ်ခဲ့သဖြင့် ညွှန်ကြားလွှာအမှတ် (၈၃)ကို ဖောက်ဖျက်ခဲ့သူ ဆရာတော်ဦးဝီရသူအား တရားဟောပြောခွင့်ကို ပိတ်သိမ်းပေးရန် သို့မဟုတ် လိုအပ်သလို အရေးယူပေးနိုင်ပါရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ထံ ၂၈-၂-၂၀၁၇ ရက်နေ့တွင် လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။

၄။     ယင်းသို့ ဦးဝီရသူ၏ ဘာသာ သာသနာရေးနှင့် သက်ဆိုင်ခြင်းမရှိသော အမုန်းစကားများကို အခြေခံ၍ လှုံ့ဆော်ပြောဆိုမှုများသည် ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတစ်ပါး၏ ဝိနည်းတရားတော်နှင့် မညီညွတ်သော ဆောင်ရွက်ချက်များဖြစ်နေသဖြင့် အများပြည်သူအကြား ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးကိစ္စရပ်များ၌ မလိုလားအပ်သည့် အငြင်းပွားမှုများ၊ ပြဿနာများ ဖြစ်ပွားလာစေရန် ဖန်တီးလျက် ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၅။     သို့ဖြစ်ပါ၍ ၉-၃-၂၀၁၇ ရက်​နေ့တွင် ကျင်းပပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စတုတ္ထ အထူးအစည်းအဝေးက ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)ကို ၁၀-၃-၂၀၁၇ ရက်နေ့မှ ၉-၃-၂၀၁၈ ရက်နေ့အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရား ဟောပြောခွင့်ကို တစ်နှစ်ပိတ်ပင်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သဖြင့် အဆိုပါဆုံးဖြတ်ချက်များအား တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကအဖွဲ့များအားလုံး(ဂိုဏ်းစုံ)သို့ ညွှန်ကြားထားပြီးဖြစ်ပါသည်။

၆။      ထိုကဲ့သို့ ဆုံးဖြတ်ချက်များအပေါ် ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)အနေဖြင့် လူမှုကွန်ရက်အင်တာနက် စာမျက်နှာမှသော်လည်းကောင်း၊ သတင်းမီဒီယာများဖြင့်သော်လည်းကောင်း ဆန့်ကျင်ဝေဖန်ပြောဆိုခြင်းများ ဆောင်ရွက်လာပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းခံရနိုင်ကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။