Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 19, Monday - June 2017
သာသနာ့သမိုင်းကို အစဉ်ထိန်းသိမ်းစောင့်ရှောက်ကာကွယ်မည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ကျေးဇူးဂုဏ်ရောင်များ

ဂေါတမဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဗုဒ္ဓဓမ္မတရားတော်များကို တပည့်သား သာဝက သံဃာတော်များက ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသဖြင့် ယနေ့တိုင် ဗုဒ္ဓဓမ္မတရားတော်များကို ကြားနာ မှတ်သိကြည်ညိုကိုးကွယ်နေရခြင်းကြောင့် သံဃာတော် အရှင်မြတ်တို့၏ကျေးဇူးမှာ ကြီးမားလှပေသည်။

ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး၏ ဂန္ထဓုရ၊ ဝိပဿနာဓုရ၊ ဓုရနှစ်ဖြာကို ဆက်လက် တည်တံ့ပြန့်ပွားရန်မှာ အကျင့်သီလနှင့်ပြည့်စုံသော သံဃာ့အဖွဲ့အစည်းကြီး တည်ရှိနေရန် လိုအပ်ပါသည်။

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ညီညွတ်ရန်မှာ ဗုဒ္ဓသာသနာတော်၏ အသက်သွေးကြော ဖြစ်သည့် ဝိနည်းတရားတော်အတိုင်း တည်ရှိကျင့်ကြံရန် လိုအပ်ပါသည်။ ညီညွတ်သော သံဃာ့ အဖွဲ့အစည်း၏ကြီးကြပ်မှုအောက်တွင် ဝိနည်းအဆုံးအမများကို အယူသီလ တူမျှစွာ လိုက်နာ ကျင့်သုံးနေမှုကြောင့် အဓမ္မဝါဒများ၏ရန်ကို ကျော်လွှားနိုင်ခဲ့ကြပြီး သင်္ဂါယနာ(၆)တန် တင်နိုင် ခြင်းက သမိုင်းသာဓက မှတ်ကျောက်များပင်ဖြစ်ပါသည်။

ဂေါတမဗုဒ္ဓဘုရားရှင်လက်ထက်က စတင်ခဲ့သော သံဃာ့အဖွဲ့အစည်းကြီးသည် ဓမ္မဝိနယ နှင့်အညီ ဝါစဉ်အရ ဆင့်ကဲလိုက်နာကျင့်သုံးမှုမျိုးဖြင့် အစဉ်အဆက်အမွေခံလျက် ဆောင်ရွက် ခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ထိုသို့ ဆင့်ကဲလိုက်နာကျင့်သုံးခဲ့ရာမှ ရှေးရှေးမြန်မာဘုရင်များ လက်ထက်တွင် ရှင်ဘုရင်က သတ်မှတ်တင်မြှောက်ပေးသည့် သာသနာပိုင်ဆရာတော်အား အကြီးအမှူးပြုလျက် သံဃာ့အဖွဲ့အစည်းကြီးကို ဖွဲ့စည်း၍ နေပြည်တော်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာထိ ဝိနည်းတော်နှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ခဲ့ကြပါသည်။ သံဃာ့ ဦးသျှောင်ဆရာတော်များ၏ ဆုံးဖြတ်ညွှန်ကြားမှုကို လိုက်နာမှုမရှိသည့် အပြစ်ရှိသော သံဃာ များအား ဘုရင်၏အာဏာစက်ဖြင့် အရေးယူဆောင်ရွက်စေခဲ့ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးပြီးချိန်တွင် သာသနာပိုင်စနစ် ပျက်သုဉ်းခဲ့သဖြင့် သံဃာ့အဖွဲ့အစည်းမှာလည်း ပျောက်ကွယ်ခဲ့ပေသည်။ ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် သံဃာ့အဖွဲ့အစည်းကြီး တစ်ခု လိုအပ်နေခဲ့ပါသည်။

၁၉၅၀ ပြည့်နှစ် ဝန်းကျင်ကာလများတွင် နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းပေးခဲ့သော သံဃာ့အဖွဲ့အစည်းဆိုင်ရာ၊ ဝိနိစ္ဆယဆိုင်ရာ၊ ပရိယတ္တိပညာရေးဆိုင်ရာ အက်ဥပဒေများကို ၁၉၆၅ ခုနှစ်တွင် ပယ်ဖျက်ခဲ့ရာ ရဟန်းသံဃာများမှာ ဝိနည်းသိက္ခာပုဒ်ဖြင့် ဆုံးဖြတ်ရမည့် အငြင်းပွားမှုများကို လူတရားရုံး၌ အဆုံးအဖြတ်ခံယူရသဖြင့် ဝိနည်းဓမ္မကံ ဖြေရှင်းခြင်း ဆိုင်ရာ ဆုံးဖြတ်ဆောင်ရွက်မှုများ လွဲမှားနေခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

၁၉၆၅ ခုနှစ်တွင် မှော်ဘီမြို့၊ စိုက်ပျိုးရေးဥယျာဉ်ခြံကြီး၌ တစ်ခရိုင်လျှင် သံဃာ ၁၂ ပါးကျစီ တက်ရောက်၍ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ပါ။ ၁၉၈၀ ပြည့်နှစ်တွင် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို တစ်နှစ် ကျော်ခန့် အချိန်ယူ၍ ကြိုတင်ပြင်ဆင်ခဲ့ပါသည်။

ယင်းသို့ပြင်ဆင်ရာ၌ ပဲခူးမြို့မ ဆရာတော်၊ စစ်ကိုင်းရွှေဟင်္သာတိုက်သစ်ဆရာတော်၊ မဟာစည်ဆရာတော်၊ မန္တလေးမစိုးရိမ်ကျောင်းတိုက် ဆရာတော်၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဆရာတော်၊ ပခုက္ကူ မဟာဝိသုတာရာမကျောင်း ဆရာတော်၊ ထားဝယ်ဃောသိတာရာမ ဆရာတော်၊ ခရမ်းကိုင်းကုန်းဆရာတော်၊ မုံရွာမဟာ ဇောတိကာရုံဆရာတော်၊ ချောင်းဆုံမုဒွန်း ဆရာတော်၊ စစ်ကိုင်းမင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသ အစရှိသည့် မူလ ၆၆ ပါး သံဃာ့ဦးသျှောင်ဆရာတော်ကြီးများက ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အောင်မြင်ထမြောက်စေရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြပါသည်။

အဆိုပါအရှိန်အဝါကြီးမားတော်မူကြသည့် သံဃာ့ဦးသျှောင် ဆရာတော်ဘုရားကြီးများ၏ စည်းလုံးညီညွတ်စွာ ဦးစီးဆောင်ရွက်မှုကြောင့် ၁၉၈၀ ပြည့်နှစ်၊ မေလ (၂၄၊ ၂၅၊ ၂၆) ရက်နေ့တွင် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်သည် နှင့်အညီ မူလရှိပြီး သံဃာ့ဂိုဏ်းများကို သီးခြားဂိုဏ်းများအဖြစ် ဆက်လက်ထားရှိစေကာ ထပ်မံ၍ ဂိုဏ်းသစ်တိုးပွားခြင်းကိုလည်း တားမြစ်ပြီး သံဃာ့ဂိုဏ်း ၉ ဂိုဏ်းနှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့အား တစ်ညီတစ်ညွတ်တည်း ဖွဲ့စည်းနိုင်ခဲ့ကြပါသည်။

သုဓမ္မာဂိုဏ်းမှအပ သီးခြားဂိုဏ်းများသည် သံဃာအရေအတွက် နည်းပါးသဖြင့် ဂိုဏ်း သံဃာ့မထေရ်ကြီးများ စီမံကြသည့်အတိုင်း ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ သုဓမ္မာဂိုဏ်းမှာ သံဃာအရေအတွက်များသဖြင့် အခြေခံဒေသအလိုက် အချိုးကျရွေးချယ်ဖွဲ့စည်းခဲ့ရာ ရဟန်းတော် ၁၀၀ ပါးလျှင် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်တစ်ပါး ဆန္ဒပြုရွေးချယ်နိုင်ခဲ့ပါသည်။

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးတွင် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် သံဃသမ္မုတိရ ကိုယ်စားလှယ်များထဲမှ ဆန္ဒမဲဖြင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ၃၀၀ ပါးအား ရွေးချယ်နိုင်ခဲ့ပါသည်။ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ၃၀၀ ပါးထဲမှ ၄၇ ပါးအား ဆန္ဒမဲဖြင့် ရွေးချယ်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား ဖွဲ့စည်းနိုင်ခဲ့ပါသည်။ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများသည် ပရိယတ္တိစာသင်တိုက်ကြီးများ၏ ပဓာနနာယက ဆရာတော်ကြီးများ အများဆုံးပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါသည်။ အဆိုပါ ၄၇ ပါး အနက်မှ ဥက္ကဋ္ဌဆရာတော်ကြီးနှင့် အကျိုးဆောင်ဆရာတော် ၂ ပါးမှအပ ကျန် ၄၅ ပါးတို့ကို ၁၅ ပါးစီ သုံးဖွဲ့ခွဲပြီး ၄ လစီ ကာလသတ်မှတ်ကာ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာ ရေးရာ အစရှိသော သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့ကြပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျအဖွဲ့ခွဲ တာဝန်ပြီးဆုံးတိုင်း ၄၇ ပါးစုံညီ အစည်းအဝေးကျင်းပ၍ တာဝန်လွှဲပြောင်းခဲ့ပါသည်။ တစ်နှစ်တာကာလအတွင်း ဆောင်ရွက် ချက်များကို နှစ်စဉ်တပေါင်းလတွင် ကျင်းပသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အစည်းအဝေး ကြီးတွင် အစီရင်ခံစာတင်သွင်းပြီး သာသနာတော်တစ်ရပ်လုံး၏ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စများကို ဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်။ နိုင်ငံတော်သြဝါဒါစရိယဆရာတော် ၁၁၁ ပါးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တို့အား လိုအပ်သော သြဝါဒများချီးမြှင့်၍ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားစေရန် ဆောင်ရွက်တော်မူကြပါသည်။

နိုင်ငံတော်သံဃမဟာနာယအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့နှင့် ရပ်/ကျေးသံဃနာယကအဖွဲ့တို့ အဆင့်ဆင့် တည်ရှိနေပါသည်။ အဆိုပါသံဃနာယကအဖွဲ့ ဆရာတော်များကိုလည်း မြို့နယ်ဝန်ဆောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ဆောင် ဆရာတော်များထဲမှ သံဃာ့ဆန္ဒအများစုဖြင့် ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝစွာ စနစ်တကျရွေးချယ်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

နိုင်ငံတော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ် ဝိနည်းဓိုရ်ဆရာတော်အဖွဲ့များသည် သံဃာ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်သမျှ ဝိဝါဒါဓိကရုဏ်း(အငြင်းပွားမှု)၊ အနုဝါဒါဓိကရုဏ်း (စွပ်စွဲမှု)များကို ဝိနည်းတရားတော် ပြဋ္ဌာန်းချက်များနှင့်အညီ ဆုံးဖြတ်ပေးပြီး ကျေနပ်မှုမရှိလျှင် နိုင်ငံတော်အဆင့်ထိ အယူခံတက်ရောက်နိုင်ခွင့်ရှိပါသည်။ ဓမ္မ အဓမ္မ အငြင်းပွားမှုများကိုမူ ထူးခြားသောအခြေအနေများဖြစ်သဖြင့် သီးခြားဝိနိစ္ဆယအဖွဲ့ ဖွဲ့၍ စီရင်ဆုံးဖြတ်ကြပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ထေရဝါဒဗုဒ္ဓအဆုံးအမများနှင့်ပတ်သက်၍ ဓမ္မဝိနယ အယူသီလ တူမျှကြသဖြင့်လည်းကောင်း၊ အခြားသော ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ များထက် ပရိယတ္တိသာသနာစည်ပင်ထွန်းကားနေခြင်းကြောင့်လည်းကောင်း၊ သံဃာ့ဂိုဏ်းကြီး ၉ ဂိုဏ်း ညီညွတ်နေကြ၍လည်းကောင်း၊ ဘုရားရှင်က မှာကြားမိန့်မှာတော်မူခဲ့သည့် “သုခါ သံဃဿ သာမဂ္ဂီ သမဂ္ဂါနံ တပေါ သုခေါ” ဒေသနာတော်နှင့်အညီ တည်ရှိနေသော သံဃာ့ အဖွဲ့အစည်းကြီးဖြစ်ပါသည်။

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အတွင်း ပြုပြင်စရာများကို အချိန်အခါပေါ်မူတည်၍ လိုအပ်သည့်အခါတိုင်း ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးများ ပြုလုပ်၍ ဆောင်ရွက်ခဲ့ သည်မှာ ပထမအကြိမ်မှ ပဉ္စမအကြိမ်ထိ ငါးကြိမ်တိုင်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်သည် တစ်ဦးတစ်ဖွဲ့က လွှမ်းမိုးထားသော စည်းမျဉ်းစည်းကမ်း အမိန့် ညွှန်ကြားချက်များဖြင့် ချုပ်ကိုင်၍ရသော အဖွဲ့အစည်းမျိုးမဟုတ်ပါ။

နိုင်ငံတော်အစိုးရက သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများကို ကျော်လွန်စွက်ဖက်ပြီး ဆောင်ရွက်၍မရသည့်အပြင် ၁၉၈၀ ပြည့်နှစ် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးက ချမှတ်ခဲ့သော "သံဃာ့ကိစ္စ သံဃာသာ ဆောင်ရွက်" ဟူသော အခြေခံမူအရ တစ်စုံတစ်ရာ ဝင်ရောက်ဆောင်ရွက်ရန်မှာ မဖြစ်နိုင်သော ကိစ္စများပင်ဖြစ် ပါသည်။

မြတ်စွာဘုရားရှင်၏ ဝိနည်းပညတ်ချက်များအပေါ် ကြည်ညိုအားထားစိတ်ဖြင့် လိုက်နာ ကျင့်သုံးကြသည့် ရဟန်းသံဃာများပါဝင်သော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ထီးရိပ် အောက်တွင် နေထိုင်ခွင့်ရသော လူ့ဘောင်အဖွဲ့အစည်းသည် အေးငြိမ်းချမ်းသာမှုကို ရမည် ဖြစ်ပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြတ်စွာဘုရားရှင်၏ ဝိနည်းတရားတော်နှင့်ညီညွတ်သော ရဟန်းသံဃာများ ပါဝင်သည့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ရပ်တည်နိုင်ရန်မှာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး၏ ကြီးကြပ်မှုအောက်တွင် တစ်ညီတစ်ညွတ်တည်း တည်ရှိရန် လိုအပ်ပေသည်။

ယခုအခါ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံမှုမရှိသော၊ ဆုံးမရန် ခက်ခဲသော၊ ဒုဗ္ဗဇ အလဇ္ဇီ ရဟန်းသံဃာများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား ရှုတ်ချဝေဖန်ပုတ်ခတ် ပြောဆိုမှုများ ပြုလုပ်ခြင်းသည် သံဃာ့အဖွဲ့အစည်း ပျက်ပြားအောင်ဆောင်ရွက်ခြင်းဖြစ်ပြီး သံဃာဂိုဏ်းကွဲအောင် ကြံစည်ပြုလုပ်သော ဒေဝဒတ်လက်သစ် ရဟန်းများပင်ဖြစ်ပါသည်။

သံဃာ့ဂိုဏ်းကွဲခြင်းဖြင့် သာသနာတော်ပျောက်ကွယ်မှာဖြစ်ပြီး သာသနာတော်မရှိပါက ဘေးဥပ္ပါဒ် အန္တရာယ်များကျရောက်၍ လူမှုအတိဒုက္ခများ ခံစားရမည်ဖြစ်သောကြောင့် ထို အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်အစိုးရ နှင့်ပြည်သူတစ်ရပ်လုံးက ဆရာဒကာညီညွတ်စွာဖြင့် မမှိတ်မသုန်ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း အနာဂတ်သာသနာတော်မြတ်အကျိုး ရည်မျှော်ကိုးလျက် တိုက်တွန်းရေးသား နိုးဆော်အပ်ပါကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။