သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား တစ်ပါးတည်း၌သာ ရရှိပိုင်ဆိုင်တော်မူခဲ့သော
ရောင်ခြည်တော်
၆ သွယ်ကို ရည်ညွှန်း၍ သာသနာ့အလံတော်ကို
ဂုဏ်ကျက်သရေနှင့်အညီ ရည်မှန်း ပြဋ္ဌာန်းခဲ့ပါသည်။
သာသနာ့အလံတော်တွင် အပြာရင့်၊ အဝါရင့်၊ အနီရင့်၊ အဖြူ၊ ပန်းနုနှင့် ပြိုးပြိုးပြက် ဟူသော ရောင်ခြည်တော် ၆ သွယ်ကို ကိုယ်စားပြုကာ အရောင်တော်
၆ မျိုးကို ထည့်သွင်းအသုံးပြုထားခြင်း ဖြစ်ပါသည်။
ယင်းသို့ဖြစ်ခြင်းကြောင့် သာသနာ့အလံတော်ကို ဂုဏ်ကျက်သရေနှင့်အညီ
ရိုသေစွာ စည်းကမ်းတကျ အသုံးပြုရမည်ဖြစ်ပါသည်။ မသင့်မလျော်သော
နေရာများတွင် ဂုဏ်ကျက်သရေမဲ့စွာ အလွယ်တကူ သုံးချင်တိုင်း အသုံးပြုခွင့်မရှိချေ။
သာသနာ့အလံတော်ကို "ကဆုန်လပြည့်
ဗုဒ္ဓနေ့၊ နယုန်လပြည့် မဟာသမယနေ့၊ ဝါဆိုလပြည့် ဓမ္မစကြာနေ့၊ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၊ တန်ဆောင်မုန်းလပြည့် သာမညဖလနေ့၊
ဝါဆိုပွဲတော်၊ ကထိန်ပွဲတော်၊ အဘိဓမ္မာအခါတော်နေ့၊
ရှင်ပြု ရဟန်းခံမင်္ဂလာ၊ ဆွမ်းကြီးလောင်းပွဲတော်၊ မဟာဘွဲ့နှင်းသဘင်၊ စူဠဘွဲ့နှင်းသဘင်၊ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပွဲ၊ ပရိယတ္တိဆိုင်ရာ
စာမေးပွဲ၊ စာပြန်ပွဲ၊ ပူဇော်ပွဲများ၊ သံဃနာယကအဖွဲ့က
ခွင့်ပြုသည့်တရားပွဲများ၊ ထီးတော်တင်ပွဲ၊ ဗုဒ္ဓပူဇနိယပွဲတော်၊ သံဃာ့ အစည်းအဝေးပွဲ၊ သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေးဆုံးဖြတ်သည့် ဌာန၊
ဘာသာရေး သာသနာရေးနှင့် ဆိုင်သည့် သင်တန်းများ၊
ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ" အစရှိသော နေ့ထူးနေ့မြတ်၊ ပွဲတော်၊ အခမ်းအနား
တို့တွင်သာ သုံးစွဲနိုင်ကြောင်း သံဃနာယကလက်စွဲ အပိုဒ် ၃၁၄၊ ၃၁၅ တို့၌ သတ်မှတ်ပြဋ္ဌာန်း
ထားခဲ့ပါသည်။
သာသနာ့အလံတော်ကို အထက်ပါကိစ္စရပ်များ၌သာ
အသုံးပြုရမည်ဖြစ်ပြီး သာသနာ့အလံတော်၏ ဂုဏ်သိရ်ကို
ထိန်းသိမ်းစောင့်ရှောက်၍ အလေးဂရုပြုကြရန်အတွက် သံဃနာယကလက်စွဲ အပိုဒ် ၃၁၈ တွင်"လမ်းဘေး၊ လမ်းဆုံလမ်းခွ၊ မော်တော်ယာဉ်ဆိပ်၊
ရေဆိပ်၊ ဈေးစသော ဌာနတို့၌ အကြောင်းမဲ့ သက်သက် သာသနာ့အလံတော်ကို အသုံးမပြုရ" ဟု ပြဋ္ဌာန်းထားခဲ့ပါသည်။
ထို့အပြင် သံဃနာယကလက်စွဲ အပိုဒ် ၃၁၉ ၌ "တားမြစ်ချက်များကို
မလိုက်နာသော ပုဂ္ဂိုလ် များအား ဓမ္မဝိနယနှင့်အညီ အရေးယူပေးရန်
သံဃနာယကအဖွဲ့များက အာဏာပိုင်အဖွဲ့အစည်းများသို့ မေတ္တာရပ်ခံရမည်" ဟုလည်း ပြဋ္ဌာန်းထားခဲ့ပါသည်။
သာသနာ့အလံတော်
အသုံးပြုခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကြီးက သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ၊ အခန်း ၁၄၊ အပိုဒ် ၂၁၅ တွင် "သာသနာ့အလံတော်ကို ဗုဒ္ဓဘာသာ
သာသနာရေးကိစ္စနှင့် မသက်ဆိုင်သော ကိစ္စများတွင် အသုံးမပြုရ။ သာသနာ့အလံတော်ကို ဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ အဆင်းသဏ္ဌာန် ပျက်ပြားအောင် တမင်သက်သက်ပြုခြင်း၊ ဂုဏ်ကျက်သရေ
ပျက်ပြားအောင် တမင်သက်သက်ပြုခြင်း၊ မလေးမစားပြုခြင်းတို့ကို
မပြုလုပ်ရ။"ဟုလည်း
သတ်မှတ် ပြဋ္ဌာန်းထားခဲ့ပါသည်။
အဆိုပါပြဋ္ဌာန်းချက်ကို နိုင်ငံတော်အဆင့်
သံဃာ့အဖွဲ့အစည်းကြီးက ထုတ်ပြန်ထားသောကြောင့် သံဃာ့အဖွဲ့အစည်းဝင် သံဃာအားလုံး၊ သံဃာ့ဩဝါဒခံ သီလရှင်အားလုံးတို့အနေဖြင့်
လိုက်နာရမည့် တာဝန်ရှိပါသည်။
ရဟန်း(သို့မဟုတ်)သာမဏေတစ်ပါးပါးသည်
သံဃာ့အဖွဲ့အစည်းတစ်ရပ်ရပ်က သတ်မှတ်ပြဋ္ဌာန်း ထားသည့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်း
မရှိလျှင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်က ဆုံးမရမည်ဖြစ်ပါသည်။
ထိုကဲ့သို့ ဆိုဆုံးမမှုကို လိုက်နာခြင်း မရှိပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ပါသည်။
ရဟန်း၊ သာမဏေများအပြင် အခြားပုဂ္ဂိုလ်များသည်လည်း
လူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာဆိုင်ရာ
အထွတ်အမြတ်ထားသည့် ပစ္စည်းကို တလွဲသုံးစွဲပါက အဆိုပါဘာသာသာသနာကို ညှိုးနွမ်းစေအောင်ပြုခြင်းဖြစ်သောကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅ နှင့် ငြိစွန်းနေမည်ဖြစ်ပါသည်။
ယခုအခါ
အချို့သော ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့သည် သာသနာ့အလံတော်ကို နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းများက သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း
သုံးစွဲခြင်းမဟုတ်ဘဲ ၎င်းတို့၏သဘောဆန္ဒနှင့်အညီ
နိုင်ငံရေး၊ လူမှုရေးစသည့် လောကီရေးရာများ၌ တလွဲသုံးစွဲနေခြင်းကို တွေ့ရှိရသောကြောင့်
အဆိုပါပုဂ္ဂိုလ်များအနေဖြင့် သာသနာ့အလံတော်ကို အသုံးပြုရာ၌ သတိပြု ဆင်ခြင်သင့်ပါကြောင်းနှင့်
နောင်တွင် သာသနာ့အလံတော်ကို မသင့်မလျော်သော နေရာများတွင် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန်
ရှင်းလင်းဖော်ပြအပ်ပါသည်။