Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 02, Friday - February 2018
၂၉-၁-၂၀၁၈ ရက်နေ့တွင် ဘက်မလိုက်သတင်းဂျာနယ်က သာသနာရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ လူမှုကွန်ရက် အင်တာနက်တွင် လှုံ့ဆော်ခဲ့မှုများအပေါ် ရှင်းလင်းချက်

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်(၂၀၁၇ ခုနှစ်) ဝါဆိုသံဃာစာရင်းအရ ရဟန်းသံဃာတော် ၂၈၅၄၄၄ ပါး၊ သာမဏေ ၂၃၆၀၂၀ ပါး၊ စုစုပေါင်း ရဟန်းသာမဏေ ၅၂၁၄၆၄ ပါးရှိပြီး ဘုန်းတော်ကြီးကျောင်းစုစုပေါင်း ၆၅၀၃၂ ကျောင်းရှိပါသည်။ လက်ရှိအစိုးရ တာဝန်ယူခဲ့သည့် ၁-၄-၂၀၁၆ ရက်နေ့မှစ၍ သတ်မှတ် ဂုဏ်အင်္ဂါအရည်အချင်းနှင့် ညီညွတ်သည့် မည်သည့် ဘုန်းတော်ကြီးကျောင်းကိုမျှ ဖျက်သိမ်းခြင်း မရှိခဲ့ပါ။

၂။      ရဟန်းသံဃာဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်၍ ယာဉ်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ပါက သက်ဆိုင်ရာဥပဒေအရ အရေးယူ ဆောင်ရွက်ရမည်ဖြစ်ပြီး ဤဝန်ကြီးဌာနအနေဖြင့် သံဃာတော်များ အသုံးပြုစီးနင်းသည့် မော်တော်ယာဉ်များနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ စာရင်းကောက်ယူခဲ့ခြင်း မရှိပါ။

၃။      ဘာသာရေး သာသနာရေးဆိုင်ရာ ပွဲတော်များ ကျင်းပခြင်း၊ တရားပွဲများ ကျင်းပခြင်းတို့ ဆောင်ရွက်ရာတွင် ဤဝန်ကြီးဌာနအထိ ခွင့်ပြုချက်တောင်းခံ တင်ပြရန် မလိုဘဲ နေပြည်တော် ကောင်စီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက် နိုင်ကြောင်း ဤဝန်ကြီးဌာနက ၂၆-၆-၂၀၁၃ ရက်နေ့တွင် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။

၄။      ဤဝန်ကြီးဌာနအနေဖြင့် အသံချဲ့စက်ဖွင့်၍ အလှူခံသည့် ကိစ္စရပ်များအပေါ် တစ်စုံတစ်ရာ ပိတ်ပင်ကန့်သတ်ခြင်း မရှိဘဲ ယင်းကိစ္စရပ်များကို ဆောင်ရွက်လိုပါက ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း များ၏ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၅။      နိုင်ငံတော်အစိုးရအနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကိုလည်း အစဉ်အလာ မပျက် နှစ်စဉ်ဆက်ကပ်လှူဒါန်းပေးလျက်ရှိရာ ယခုနှစ်တွင်လည်း ရဟန်းတော် ၁၉၉ ပါး၊ သီလရှင် ၉ ပါး၊ လူပုဂ္ဂိုလ် ၆၀ ဦး၊ စုစုပေါင်း ၂၆၈ ပါး/ဦးတို့အား ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းမည် ဖြစ်သဖြင့် ယခင်နှစ်များထက် ဘွဲ့တံဆိပ်တော်အရေအတွက် ပိုမိုအပ်နှင်းလှူဒါန်းမည် ဖြစ်ပါသည်။

၆။      ဤဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ တမန်တော် မွေးနေ့အခမ်းအနားများ ကျင်းပရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အစီအမံများအား ၁၇-၁၁-၂၀၁၇ ရက်နေ့တွင် ညှိနှိုင်းအကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်

(က)    တမန်တော်မွေးနေ့အခမ်းအနားများကို ၁၉-၁၁-၂၀၁၇ ရက်နေ့မှ ၂၀-၁၂-၂၀၁၇ ရက်နေ့ အထိ တစ်လအတွင်းသာ ကျင်းပရေး ဆောင်ရွက်ရန်၊

( ခ)    တမန်တော်မွေးနေ့အခမ်းအနား ကျင်းပပြုလုပ်ခွင့်ပြုပါရန် နေရာ၊ နေ့ရက်နှင့် အချိန် တို့ဖြင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြလာပါက စိစစ်ခွင့်ပြုဆောင်ရွက်သွားရန်၊

( ဂ)    နိုင်ငံရေးနှင့်ပတ်သက်မှု မရှိစေဘဲ ဘာသာရေးသက်သက်ဖြင့်သာ ဆောင်ရွက်ရန်၊

(ဃ)    လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရေး သက်ဆိုင်ရာ ကျင်းပသည့် အဖွဲ့အစည်းများက ဝန်ခံကတိပြု တာဝန်ယူဆောင်ရွက်စေရန်၊

( င)    ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်စေရန်။

၇။      တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိခိုက်ခဲ့သည့် ဖြစ်စဉ်များကြောင့် ပိတ်ထားခဲ့ရသည့် ဗလီများအား ပြန်လည် ဝတ်ပြုကိုးကွယ်ခွင့်နှင့် ပြင်ဆင်ခွင့်ရရှိရေး ကိစ္စရပ်များသည် ဒေသခံပြည်သူများ၏ သဘောထားနှင့်အညီ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများက စီမံဆောင်ရွက်သွား ရမည့်ကိစ္စ ဖြစ်ပါသည်။

၈။      သို့ဖြစ်ပါ၍ ၂၉-၁-၂၀၁၈ ရက်နေ့တွင် လူမှုကွန်ရက် Facebook စာမျက်နှာပေါ်၌ ဘက်မလိုက် သတင်းဂျာနယ်(Page)၊ မဘသထောက်ခံသူများဆုံဆည်းရာ(Public Group)၊ စွမ်းထက်နိုင်(Account)တို့က အကောင့်အမည် WaiYanWinAung ထံမှ ထပ်ဆင့်ရေးသားဖော်ပြသည့် သာသနာရေးဆိုင်ရာများနှင့် စပ်လျဉ်းသော ဖော်ပြချက်များသည် နိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ ဗုဒ္ဓဘာသာ သာသနာအတွက် ဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်များကို မျက်ကွယ်ပြု၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၃ ပါ“နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်” စသည့် ပြဋ္ဌာန်းချက်နှင့်အညီ ဤဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအပေါ် မလိုလားအပ်သည့်ဖြစ်စဉ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုများသာ ဖြစ်ပါကြောင်း အများပြည်သူသိရှိစေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။