လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်၌ “သံဃာသင်းခွဲနေသူများကြောင့် တာဝန်မှ နုတ်ထွက်ခွင့်တောင်းခံလာသည့်
မဟနဥက္ကဋ္ဌ ဆရာတော်ဘုရားကြီး”ခေါင်းစဉ်ဖြင့် ၂၂-၂-၂၀၁၈ ရက်နေ့တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံရှိ သံဃာ့ဦးသျှောင် ဆရာတော်ကြီးများ၏ စည်းလုံးညီညွတ်စွာ ဦးစီးဆောင်ရွက်မှုဖြင့် ၁၉၈၀ ပြည့်နှစ်၊ မေလ (၂၄၊
၂၅၊ ၂၆) ရက်နေ့တွင် ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်သည်နှင့်အညီ မူလရှိပြီး သံဃာ့ဂိုဏ်း
၉ ဂိုဏ်းကို သီးခြားဂိုဏ်းများအဖြစ် ဆက်လက်တည်ရှိစေကာ ထပ်မံ၍ ဂိုဏ်းသစ်တိုးချဲ့ခြင်းကို တားမြစ်ပြီး သံဃာ့အဖွဲ့အစည်း
အဆင့်ဆင့်အား တစ်ညီတစ်ညွတ်တည်း ဖွဲ့စည်းနိုင်ခဲ့ပါသည်။
ပထမအကြိမ်
ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးတွင် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် သံဃသမ္မုတိရ
ကိုယ်စားလှယ်များထဲမှ ဆန္ဒမဲဖြင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ၃၀၀ ပါးအား ရွေးချယ်နိုင်၍
အဆိုပါနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ၃၀၀ ပါးထဲမှ ၄၇ ပါးကို ဆန္ဒမဲဖြင့် ထပ်မံ
ရွေးချယ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား ဖွဲ့စည်းနိုင်ခဲ့ပါသည်။
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည်
ပရိယတ္တိစာသင်တိုက်ကြီးများ၏ပဓာနနာယက ဆရာတော်ကြီးများ အများဆုံး ပါဝင်ဖွဲ့စည်းထားသော
အဖွဲ့အစည်းဖြစ်ပါသည်။ အဆိုပါ ၄၇ ပါး အနက်မှ ဥက္ကဋ္ဌဆရာတော်ကြီးနှင့် အကျိုးဆောင် ဆရာတော် ၂ ပါးမှအပ ကျန် ၄၅ ပါးတို့ကို ၁၅ ပါးစီ သုံးဖွဲ့ခွဲပြီး ၄ လစီ
ကာလသတ်မှတ်ကာ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊
ပညာရေးရာ အစရှိသော သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့ကြ ပါသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
တာဝန်ကျအဖွဲ့ခွဲ တာဝန်ပြီးဆုံးတိုင်း ၄၇ ပါးစုံညီ အစည်းအဝေး ကျင်းပ၍ တာဝန်လွှဲပြောင်းခဲ့ပါသည်။
တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို နှစ်စဉ် တပေါင်းလတွင် ကျင်းပသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အစည်းအဝေးကြီးတွင်
အစီရင်ခံစာ တင်သွင်းပြီး သာသနာတော်တစ်ရပ်လုံး၏
သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စများကို ဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်။ နိုင်ငံတော်သြဝါဒါစရိယဆရာတော် ၁၁၁ ပါးတို့က နိုင်ငံတော်သံဃ
မဟာနာယကအဖွဲ့နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့တို့အား လိုအပ်သော သြဝါဒများချီးမြှင့်၍
သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားစေရန် ဆောင်ရွက်တော်မူကြပါသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ထေရဝါဒဗုဒ္ဓအဆုံးအမများနှင့်ပတ်သက်၍ ဓမ္မဝိနယ အယူသီလ တူမျှကြသဖြင့်လည်းကောင်း၊ အခြားသော ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများထက်
ပရိယတ္တိ သာသနာစည်ပင်ထွန်းကားနေခြင်းကြောင့်လည်းကောင်း၊
သံဃာ့ဂိုဏ်းကြီး ၉ ဂိုဏ်း ညီညွတ်နေကြ၍ လည်းကောင်း၊ ဘုရားရှင်က မှာကြားမိန့်တော်မူခဲ့သည့်
“သုခါ သံဃဿ သာမဂ္ဂီ သမဂ္ဂါနံ တပေါ သုခေါ” ဒေသနာတော်နှင့်အညီ တည်ရှိနေသော သံဃာ့အဖွဲ့အစည်းကြီးဖြစ်ပါသည်။
မြတ်စွာဘုရားရှင်၏ ဝိနည်းတရားတော်နှင့်ညီညွတ်သော ရဟန်းသံဃာများ
ပါဝင်သည့် သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့် ရပ်တည်နိုင်ရန်မှာ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ကြီးကြပ်မှုအောက်တွင် တစ်ညီတစ်ညွတ်တည်း တည်ရှိရန် လိုအပ်ပြီး
သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အတွင်း ပြုပြင်စရာများကို အချိန်အခါပေါ်မူတည်၍ လိုအပ်သည့် အခါတိုင်း ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးများ
ပြုလုပ်၍ ဆောင်ရွက်ခဲ့သည်မှာ ပထမအကြိမ်မှ ပဉ္စမအကြိမ်ထိ ငါးကြိမ်တိုင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများကို
ကျော်လွန် စွက်ဖက်ပြီး
ဆောင်ရွက်၍မရသည့်အပြင် ၁၉၈၀ ပြည့်နှစ် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးပွဲကြီးက ချမှတ်ခဲ့သော "သံဃာ့ကိစ္စ သံဃာသာ ဆောင်ရွက်" ဟူသော အခြေခံမူအရ ဆောင်ရွက်ရသည့်
ကိစ္စများပင်ဖြစ်ပါသည်။
ယခုအခါ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံမှုမရှိသော၊ ဆုံးမရန် ခက်ခဲသော၊ ဒုဗ္ဗဇ အလဇ္ဇီ ရဟန်းသံဃာများက
သံဃာ့အဖွဲ့အစည်း ပျက်ပြားအောင်ဆောင်ရွက်ခြင်းကြောင့် အာဏာပိုင်အဖွဲ့အစည်း များအနေဖြင့်
သံဃာ့ဆန္ဒနောက် လိုက်ပါလျက် ဓမ္မစက်ကို အာဏာစက်အကူအညီများ ပံ့ပိုး၍ သံဃာ့ အဖွဲ့အစည်းဆိုင်ရာ လိုအပ်သော အထူးဥပဒေများ ပြဌာန်းပြီး
အကာအကွယ်ပြုပေးခြင်း၊ လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်ပေးရန် လိုအပ်ပါသည်။
ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံမှုမရှိသော၊ ဆုံးမရန် ခက်ခဲသော၊
ဒုဗ္ဗဇ အလဇ္ဇီ ရဟန်း သံဃာများနှင့် သံဃာ့ဂိုဏ်းကွဲစေရန် ရှုတ်ချဝေဖန်ပုတ်ခတ်
ပြောဆိုသော ရဟန်းသံဃာများကြောင့် သံဃာ့အဖွဲ့အစည်း
ပျက်ပြားစေနိုင်သဖြင့် သံဃာ့ဂိုဏ်းကွဲရာမှ ဘေးဥပ္ပါဒ်အန္တရာယ်များ ကျရောက်၍
လူမှုအတိဒုက္ခများ ခံစားရမည်ဖြစ်သောကြောင့် ထိုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်အစိုးရနှင့်ပြည်သူတစ်ရပ်လုံးက ဆရာဒကာညီညွတ်စွာ ဆောင်ရွက်သွား ရမည်ဖြစ်ပါသည်။
ယခုအခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးသည် ကျန်းမာရေးအခြေအနေအရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ဆရာတော်ကြီး ကိုယ်တိုင်နုတ်ထွက်ခွင့်တင်သည့်ကိစ္စနှင့်ပတ်သက်၍
သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းအခန်း ၇ ၊ အပိုဒ် ၁၂၉ ၊ အပိုဒ်ခွဲ(ခ)အရ နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့ ဆရာတော်ကြီး ၄၆ ပါးတို့က တိုက်တွန်းလျှောက်ထားခဲ့ရာ
အပိုဒ်ခွဲ(ဂ)အရ တိုက်တွန်းမှုကို လက်ခံခဲ့ပြီး
နုတ်ထွက်လွှာကို ရုပ်သိမ်း၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်
တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
သို့ရာတွင် ဆရာတော်ကြီးသည် မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်တွင်
သီတင်းသုံးလျက်ရှိပြီး သံဃာ့အဖွဲ့အစည်းအဝေးကြီးများ ကျင်းပချိန်၊ အရေးကြီးကိစ္စရပ်များ ဆုံးဖြတ်ရန် လိုအပ်သည့်အချိန်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းဆောင်၌
သီတင်းသုံး၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန်
ရှင်းလင်းဖော်ပြအပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန