Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 16, Friday - March 2018
ကြို့ပင်ကောက်မြို့ဓမ္မာစရိယစာဖြေဌာနတွင် ရဟန်းသာမဏေ ၉၃ ပါးမှာ စာဖြေခွင့် ဆုံးရှုံးကြောင်း facebook တွင် တင်ထားမှုနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က စိစစ်ဖြေရှင်း

            ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၊ ဓမ္မာစရိယစာဖြေဌာနတွင် ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်းရှိ ကြို့ပင်ကောက်မြို့နယ်မှတစ်ပါး ကျန်မြို့နယ် ၇ မြို့နယ်မှ စာဖြေစာရင်းသွင်း ရဟန်း၊ သာမဏေ ၉၃ ပါးတို့မှာ စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးခဲ့ကြောင်း၊ ဖြေဆိုခွင့်ဆုံးရှုံးရခြင်းမှာလည်း ပုံစံအဟောင်းဖြင့် တင်သွင်း ခဲ့၍ဖြစ်ကြောင်း၊ ပုံစံဟောင်း ပုံစံသစ်လေ့လာရာတွင် ဖုန်းနံပါတ်မပါသည်မှလွဲ၍ ကျန်သည့်အချက်များ အတူတူပင်ဖြစ်ကြောင်း၊ စည်းကမ်းနှင့်မညီညွတ်၍ ပယ်မည်ဆိုလျှင် ကြိုတင်အသိပေးသင့်​ကြောင်း၊ မှန်ကန်သောနည်းလမ်း ရှာသင့်ပြီဖြစ်ကြောင်း သုံးဆယ်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ ဦးဝဏ္ဏိတာလင်္ကာရက ၎င်း၏ facebook account တွင် ဖော်ပြခဲ့သည့်အပြင် ၁၂-၃-၂၀၁၈ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့သို့ အသနားခံစာ တင်ပြခဲ့ပါသည်။

            အဆိုပါကိစ္စနှင့်ပတ်သက်၍ ၁၅-၃-၂၀၁၈ ရက်နေ့၊ ၁၃ ၀၀ အချိန်တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမ အဖွဲ့ခွဲ၏ ပဉ္စမအကြိမ် ဒုတိယအစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပညာရေးအဖွဲ့ငယ်က တင်ပြလျှောက်ထားခဲ့ပါသည်။ အစည်းအဝေးသို့ ကြို့ပင်ကောက်မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဘဒ္ဒန္တဣဿရိယ၊ အဖွဲ့ဝင် ဘဒ္ဒန္တကေသရ၊ သာယာဝတီမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တဣန္ဒာစရိယ၊ နတ္တလင်းမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တဇဋိလ၊ သုံးဆယ်မြို့သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဘဒ္ဒန္တတေဇနိယနှင့် facebook တင်ခဲ့သည့် သုံးဆယ်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ ဘဒ္ဒန္တဝဏ္ဏိတာလင်္ကာရ တို့အား ခေါ်ယူမေးမြန်းခဲ့ပါသည်။

            ယင်းသို့မေးမြန်းရာတွင် ကြို့ပင်ကောက်မြို့နယ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဣဿရိယ က စာဖြေစာရင်းသွင်းသည့် စာဖြေပုံစံများအနက် သက်ဆိုင်ရာမြို့နယ် ဝါဆိုသံဃာစာရင်းတွင် မပါရှိခြင်း၊ သာသနာဝင်အမှတ် မပါရှိခြင်း၊ ဓာတ်ပုံများမှာ မထင်ရှားခြင်း၊ အဘအမည်၊ မှတ်ပုံတင် ကွဲလွဲခြင်း၊ ဖြေဆိုမည့်ကျမ်းအမည် မပါခြင်း၊ ပုံစံဟောင်းဖြင့် ဖြည့်သွင်းထားခြင်းစသည့် ဝင်ခွင့်တောင်းလွှာပုံစံများ ရေးသွင်းရာတွင် လိုက်နာရမည့်အချက်များနှင့် မညီညွတ်သော စာဖြေပုံစံများကိုသာ စာမေးပွဲစည်းမျဉ်း စည်းကမ်းအရ ပယ်ခဲ့ရခြင်းဖြစ်ပါကြောင်း လျှောက်ထားခဲ့ပါသည်။

                အဆိုပါလျှောက်ထားချက်အရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရေတာရှည်ဆရာတော် ဘဒ္ဒန္တဩဘာသ က စာဖြေပုံစံဟောင်းဖြင့် စာရင်းသွင်းသော သံဃာ ၉ ပါးမှာ အလွန်နစ်နာကြောင်းနှင့်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဘဒ္ဒန္တနန္ဒသာရက ဝါဆိုသံဃာစာရင်းမရှိသော သံဃာတော်များအား စည်းကမ်းနှင့်မညီ၍ ပယ်သင့်ပါကြောင်း၊ စာဖြေပုံစံဟောင်းဖြင့် တင်သွင်းသော ရဟန်းတော် ၉ ပါးတို့အား ငဲ့ညှာသောအားဖြင့် ဖြေဆိုခွင့်ပေးစေလိုကြောင်း မိန့်ကြားပြီး နိုင်ငံတော်သံဃမဟာ

နာယကအဖွဲ့ အဖွဲ့ဝင် ဘဒ္ဒန္တပဝရာဘိဝံသက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် မြို့နယ်သံဃ နာယကအဖွဲ့များအား အစဉ်လေးစားလျက်ရှိပါကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆရာတော်တို့ ဆောင်ရွက်နေသည်မှာ မှန်ကန်ပါကြောင်း၊ ယခုနှစ်တွင် ငဲ့ညှာသည့်အနေဖြင့် ပုံစံဟောင်းကို ခွင့်ပြုပေး သင့်ပါကြောင်း မိန့်ကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ကြွရောက် လာကြသည့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ ဆွေးနွေးတိုင်ပင်ပြီး စာဖြေပုံစံအဟောင်းဖြင့် တင်သွင်းသော သာယာဝတီမြို့မှ သံဃာတော် ၄ ပါး၊ နတ်တလင်းမြို့မှ သံဃာတော် ၄ ပါး၊ သုံးဆယ်မြို့မှ သံဃာတော် ၁ ပါး၊ စုစုပေါင်း သံဃာတော် ၉ ပါးတို့အား ၂၀၁၈ ခုနှစ်ဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုခွင့်ပြုရန် သဘော တူညီခဲ့ကြပါသည်။

            အထက်ဖော်ပြပါ သံဃာတော် ၉ ပါးမှအပ ကျန် ၈၄ ပါးတို့သည် သက်ဆိုင်ရာမြို့နယ် ဝါဆိုသံဃာ စာရင်းတွင် မပါရှိခြင်း၊ သာသနာဝင်အမှတ် မပါရှိခြင်း၊ ဓာတ်ပုံများမှာ မထင်ရှားခြင်း၊ အဘအမည်၊ မှတ်ပုံတင် ကွဲလွဲခြင်း၊ ဖြေဆိုမည့်ကျမ်းအမည် မပါခြင်း၊ ပုံစံဟောင်းဖြင့် ဖြည့်သွင်းထားခြင်း၊ တင်သွင်းသော ကျောင်းတိုက်လိပ်စာ မပြည့်စုံခြင်း၊ ပထမကြီးတန်းအောင်မြင်သော ဘွဲ့၊ ခုနှစ်၊ ခုံအမှတ်၊ စာဖြေဌာနများကို ပြည့်စုံအောင် ထည့်သွင်းမှုမရှိခြင်း၊ ဖြေဆိုမည့် ကျမ်းအမည်၊ စာဖြေဌာန ဖော်ပြမထားခြင်း၊ အောင်မြင်ပြီး ကျမ်းအမည်၊ ခုနှစ်၊ ခုံအမှတ်၊ စာဖြေဌာနများ ဖော်ပြမထားခြင်း၊ ဓမ္မာစရိယတန်းတွင် ဖြေဆိုခဲ့ဖူးသော ကျမ်းအမည်၊ စာဖြေဌာန၊ ဘွဲ့၊ ခုနှစ်များ မရေးသွင်းထားခြင်းစသည့် ဝင်ခွင့်တောင်းလွှာပုံစံများ ရေးသွင်းရာတွင် လိုက်နာရမည့်အချက်များနှင့် ကိုက်ညီမှုမရှိသောကြောင့် ၂၀၁၈ ခုနှစ် ဓမ္မာစရိယ ဖြေဆိုခွင့် မပြုခဲ့ကြောင်း သိရှိရပါသည်။