Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 18, Sunday - March 2018
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ ဓမ္မာစရိယစာမေးပွဲပညာရေးဗဟိုအဖွဲ့နှင့် ပါဠိပထမပြန်စာမေးပွဲပညာရေးဗဟိုအဖွဲ့တို့မှ ဆရာတော်များက ၂၀၁၈ ခုနှစ် ပရိယတ္တိစာမေးပွဲများဆိုင်ရာ မေးခွန်းထုတ်လုပ်ငန်း ဆောင်ရွက်ဆဲဖြစ်ပါကြောင်း သဘောထားထုတ်ပြန်ခြင်း

ပရိယတ္တိသာသနာ ထွန်းကားရန်အလို့ငှာ ပရိယတ္တိစာမေးပွဲများ ကျင်းပရေးနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မူဝါဒချမှတ်ပေးပါသည်။ ယင်းမူဝါဒနှင့်အညီ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ဓမ္မာစရိယစာမေးပွဲပညာရေးဗဟိုအဖွဲ့နှင့် ပါဠိပထမပြန်စာမေးပွဲပညာရေးဗဟိုအဖွဲ့ တို့ကို နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ကျမ်းတတ်အကျော်အမော် ဓမ္မာစရိယအောင်မြင်ပြီးဖြစ်ကြသည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ စာချဆရာတော်များဖြင့် ဖွဲ့စည်းပေးပါသည်။

            ဓမ္မာစရိယစာမေးပွဲပညာရေးဗဟိုအဖွဲ့နှင့် ပါဠိပထမပြန်စာမေးပွဲပညာရေးဗဟိုအဖွဲ့တို့မှ ဆရာတော် များသည် ပရိယတ္တိစာမေးပွဲ မေးခွန်းထုတ်လုပ်ငန်းများနှင့်ပတ်သက်၍နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံမှ နှစ်စဉ် ဩဝါဒခံယူပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ကုန်းမြေ၊ သုံးထပ်ဆွမ်းစားဆောင်၌ မေးခွန်းထုတ်လုပ်ငန်းများ ဆောင်ရွက်ကြကာစာမေးပွဲများ ကျင်းပပြီးစီးသည့်နေ့မှသာ လျှို့ဝှက်ခန်းမှ ထွက်၍ သီတင်းသုံးရာကျောင်းတိုက်များသို့ ပြန်လည် ကြွရောက် ကြရပါသည်။

            ဓမ္မာစရိယစာမေးပွဲပညာရေးဗဟိုအဖွဲ့နှင့် ပါဠိပထမပြန်စာမေးပွဲပညာရေးဗဟိုအဖွဲ့တို့၏ မေးခွန်းထုတ် လုပ်ငန်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဆရာတော်များ၏ ဆွမ်းကွမ်းကိစ္စများ၊ သီတင်းသုံးနေထိုင်ရေးကိစ္စများ ပြည့်စုံမှုရှိစေရေး၊ ကွန်ပျူတာ၊ ပရင်တာ၊ ဂျူပလိုစာကူးစက်၊ ကော်ပီယာ စသည့် ရုံးသုံးစက်ကိရိယာများ၊ ရုံးသုံးပစ္စည်းစာရေးကိရိယာများ၊ ပရိဘောဂများ ပြည့်စုံစေရေး၊ ခရီးစရိတ်ထောက်ပံ့လှူဒါန်းခြင်း၊နဝကမ္မလှူဒါန်းခြင်းများစသည့် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ ကိုသာ ဆောင်ရွက်ပေးပါသည်။

၁၂-၃-၂၀၁၈ ရက်နေ့တွင် Sai Lin အမည်ရှိ Facebook  Account ၌ "ဦးကိုနီကို သတ်လိုက်သော ဦးကြည်လင်းသည် ဤဘဝ၌ မဂ်ရနိုင်၊ မရနိုင်။ ငါတို့သည် ဦးကိုနီများ ဖြစ်ကြသည်ဟု ဆိုသူ၌ အကုသိုလ် ဖြစ်၊ မဖြစ်။ သေသွားလေပြီးသည့် ဦးကိုနီသည် ငရဲကျနိုင်၊ မကျနိုင်။ သေသွားလေဦးမည့် ဦးကြည်လင်းသည် နတ်ပြည်ရောက်နိုင်၊ မရောက်နိုင်" ဟူသော စကားရပ်တို့ကို ပဉှာဝါရ၊ ဝိဘင်္ဂဝါရ၊ပကတူပနိဿယ ပါဠိတော်ကြီးကို အထောက်အကိုး သာဓကပါဠိထုတ်ပြ၍ ဖြေဆိုရန် ပထမကြီးတန်း၊ ပဋ္ဌာန်းဘာသာ ပုစ္ဆာ ၆ ကို ခေတ်နှင့်အညီ  မေးခွန်းထုတ်ထားကြောင်းနှင့် မေးခွန်းထုတ်စရာ ဒီလောက်ရှားသွားပြီလား"ဟု စသည်ဖြင့် ဖော်ပြထားခြင်းများကို တွေ့ရှိရပါသည်။

            ယခုနှစ် ၂၁-၃-၂၀၁၈ ရက်နေ့တွင် စတင်ကျင်းပမည့် ဓမ္မာစရိယစာမေးပွဲနှင့် ၂၈-၃-၂၀၁၈ ရက် နေ့တွင် စတင်ကျင်းပမည့် ပါဠိပထမပြန်စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တို့အတွက် လျှို့ဝှက်မေးခွန်း ထုတ်ခြင်းကိုဓမ္မာစရိယစာမေးပွဲပညာရေးဗဟိုအဖွဲ့ဆရာတော် ၁၅ ပါးနှင့် ပါဠိပထမပြန်စာမေးပွဲပညာရေး ဗဟိုအဖွဲ့ဆရာတော် ၁၇ ပါး၊ စုစုပေါင်း ၃၂ ပါးတို့သည် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး များ၏ဩဝါဒနှင့်အညီ ၉-၃-၂၀၁၈ ရက်နေ့မှ စတင်၍ စာမေးပွဲလျှို့ဝှက်ခန်းဝင်၍  ၃-၄-၂၀၁၈ ရက်နေ့ ဓမ္မာစရိယ၊ပါဠိပထမပြန်စာမေးပွဲများ ပြီးဆုံးသည်အထိ ဆောင်ရွက်လျက်ရှိပါသည်။

ဓမ္မာစရိယစာမေးပွဲပညာရေးဗဟိုအဖွဲ့နှင့် ပါဠိပထမပြန်စာမေးပွဲပညာရေးဗဟိုအဖွဲ့တို့မှ ဆရာတော် များသည် မေးခွန်းထုတ်လုပ်ငန်းများ ဆောင်ရွက်ပြီးပါက မေးခွန်းထုတ်များ ဖြန့်ဝေခြင်းကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ပညာရေးဗဟိုအဖွဲ့ ဆရာတော်ကြီးများ၏ ရှေ့မှောက်တွင် ချိပ်ပိတ်ထားသော မေးခွန်းထုတ်များကို သံသေတ္တာတွင်းသို့ ထည့်ပြီး ယင်းသေတ္တာသော့များကို ထပ်မံ ချိပ်ပိတ်၍ သက်ဆိုင်ရာ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့မှ ဆရာတော် ၁ ပါးအပါအဝင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ် ၁ ဦး၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးအဆင့်ထက်မနိမ့်သော အရာရှိ ၁ ဦး၊ စုစုပေါင်း ၃ ဦးတို့ထံ ဖြန့်ဝေအပ်နှံမည်ဖြစ်ပါသည်။

ယခုအခါ ပထမပြန်၊ ဓမ္မာစရိယ မေးခွန်းထုတ်လုပ်ငန်းများ ဆောင်ရွက်ဆဲအချိန်ဖြစ်ခြင်းနှင့် မေးခွန်းများ ဖြန့်ဝေမှုကိုလည်း စနစ်တကျ ဆောင်ရွက်နေဆဲအချိန်ဖြစ်ခြင်းတို့ကြောင့် Sai Lin လူမှု ကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည့် မေးခွန်းပုစ္ဆာမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဓမ္မာစရိယ စာမေးပွဲပညာရေးဗဟိုအဖွဲ့၊ ပါဠိပထမပြန်စာမေးပွဲပညာရေးဗဟိုအဖွဲ့တို့နှင့်သော်လည်းကောင်း၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်သော်လည်းကောင်း သက်ဆိုင်ခြင်းမရှိပါကြောင်း ရဟန်း ရှင်လူပြည်သူ အပေါင်း သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန