၂၄-၃-၂၀၁၈ ရက်နေ့၊ ၁၄၂၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံ ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တဇောတ(၅၂ နှစ်၊ ၃၂ ဝါ)သည် သင်္ဃန်းကျွန်းမြို့နယ်၊ အထက(သုဝဏ္ဏ)စာဖြေဌာန၌ဓမ္မာစရိယ စာမေးပွဲဖြေဆိုနေစဉ် စာဖြေခန်းအတွင်း မူးလဲသွားသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရာ ယင်းနေ့၊ ၁၄ ၄၀ အချိန်တွင် ဆီးချို၊ သွေးတိုးရောဂါများကြောင့် ပျံလွန်တော်မူခဲ့ပါသည်။
၂၅-၃-၂၀၁၈ ရက်နေ့၊ ၁၁ ၀၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပြည့်ဝကျေးရွာ၊ တောင်ပုလုပရိယတ္တိပဋိပတ္တိတိုက်ခွဲ ပြည့်ဝရှင်ကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တပညိန္ဒ(၂၉ နှစ်၊ ၉ ဝါ)သည် ဓမ္မာစရိယစာမေးပွဲဖြေဆိုရန် ကျောက်ပန်းတောင်းမြို့စာဖြေဌာနသို့ မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပါ၍ကြွရောက်စဉ် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမပေါ်၌ လားရာတူမှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ဖြင့် တိုက်မိခဲ့ရာဆိုင်ကယ်တိမ်းမှောက်ပြီး ရရှိသောဒဏ်ရာပြင်းထန်သဖြင့် ယင်းနေ့၊ ၁၁ ၄၇ အချိန်တွင် ကျောက်ပန်းတောင်းပြည်သူ့ဆေးရုံ၌ ပျံလွန်တော်မူခဲ့ပါသည်။
ဖော်ပြပါ သံဃာတော် ၂ ပါးသည် ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့ ဖြစ်ပါသဖြင့် သာသနာတော်အတွက် အစားထိုး၍မရသော ဆုံးရှုံးမှုတစ်ရပ်ဟု မှတ်ယူကာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန (သာသနာရေး)အနေဖြင့် ဝမ်းနည်းကြေကွဲ နှမြောတသ ဖြေမဆည်နိုင်ဖြစ်ရသောကြောင့် ၂၇-၃-၂၀၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)က ဖော်ပြပါသံဃာတော် ၂ ပါးတို့၏အန္တိမဈာပန အခမ်းအနားတို့အတွက် အလှူတော်ငွေကျပ် ၅ သိန်းစီကို သက်ဆိုင်ရာ အန္တိမဈာပနအခမ်းအနားကျင်းပရေး ကော်မတီတို့ထံ လှူဒါန်းခဲ့ပါသည်။
(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)