Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 02, Thursday - August 2018
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)ဗဟို ပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်ချက်အကျဉ်းချုပ်ကို အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်း

၁။      ပထမအကြိမ် ဘာသာပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးနှင့် ညီညွတ်ရေး တည်ဆောက်မှုဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျော့ဂျကာတာမြို့၌ ၆-၁၂-၂၀၀၄ ရက်နေ့မှ ၇-၁၂-၂၀၀၄ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားလာခဲ့ပါသည်။

၂။     ၎င်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ် ဘာသာအသီးသီးမှ ဘာသာပေါင်းစုံ ကိုယ်စားလှယ် ၁၁ ဦး တက်ရောက်ခဲ့ပြီး လူ့အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ရေး၊ ဘာသာရေးအကြမ်းဖက်မှုများကို တားဆီးကာကွယ်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်နှင့် အခြေခံစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခများ မဖြစ်ပွားစေရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

၃။      ထို့အပြင် ဘာသာပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးနှင့် ညီညွတ်ရေးအစည်းအဝေးများကို အောက်ဖော်ပြပါအတိုင်း ကျင်းပပြုလုပ်ခဲ့ရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ပါသည်-

          (က)    ၂၀၀၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၊

       (ခ)    ၂၀၀၇ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၊ ဝေတန်ဂီမြို့နှင့်  တရုတ်နိုင်ငံ၊ နိုင်ဂျင်းမြို့။

၄။      အဆိုပါအခမ်းအနားများသို့ ဘာသာပေါင်းစုံကိုယ်စားလှယ်များ တက်ရောက်ရာတွင် ဦးဆောင်မည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း တစ်ရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး လိုအပ်ချက်နှင့်အညီ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များက ဤဝန်ကြီးဌာနသို့ တင်ပြဆွေးနွေးညှိနှိုင်း၍ ၃၁-၁-၂၀၀၈ ရက်နေ့တွင် ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေး အမြုတေအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။

၅။      ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အမြုတေအဖွဲ့သည် NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ညီညွတ်ရေးအစည်းအဝေးများသို့ အောက်ဖော်ပြပါအတိုင်း တက်ရောက်ခဲ့ပါသည်-

          (က)    ၂၀၀၈ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့နှင့် စူရာဘားရားမြို့၊

         (ခ)    ၂၀၀၉ ခုနှစ်တွင် သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့။

၆။      ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အမြုတေအဖွဲ့အား ၂၀၁၂ ခုနှစ်တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၇။        ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)သည် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အရေးအခင်း၊ ၂၀၁၃ ခုနှစ် မိတ္ထီလာအရေးအခင်းနှင့် လားရှိုးအရေးအခင်းများ၌ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယက ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပဋိပက္ခများ ဖြေရှင်းခြင်း၊ ကြေညာချက်များ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၈။     ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအတွက် ကိုယ်ရောစိတ်ပါ ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က နိုင်ငံတော်သမ္မတ၏ဂုဏ်ထူးဆောင်လက်မှတ်ကို ၃၀-၄-၂၀၁၃ ရက်နေ့တွင် ချီးမြှင့်ခဲ့ပါသည်။

၉။     ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)၏ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုအားကောင်းစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၁-၈-၂၀၁၃ ရက်စွဲပါယာယီဖွဲ့စည်းခွင့် လက်မှတ်အမှတ်၊ ပ-ရက/၀၀၅၆ ဖြင့် ယာယီဖွဲ့စည်းခဲ့ပါသည်။

၁၀။  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၌ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေနှင့်အညီ ၃၀-၃-၂၀၁၇ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ရာ မှတ်ပုံတင်လက်မှတ်အမှတ် ၁/ ပြည်တွင်း/ ၁၃၈၁ ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။

၁၁။    ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)တွင် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာများအထိ တိုးချဲ့ဖွဲ့စည်းခဲ့ရာ ဗဟိုအဆင့် ၁ ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့် ၁ဖွဲ့၊ ခရိုင်အဆင့် ၃၉ ဖွဲ့၊ မြို့နယ်အဆင့် ၇၇ ဖွဲ့ စုစုပေါင်း ၁၂၈ ဖွဲ့အထိ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။

၁၂။      ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့များကို မြန်မာနိုင်ငံတွင်သာမက ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

၁၃။    ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) စတင်ဖွဲ့စည်းချိန် ၂၀၁၂ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ ဗုဒ္ဓဘာသာအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

၁၄။      ယခုအစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) ဗဟိုအဆင့် ကိုယ်စားလှယ်များက အမုန်းစကားတားဆီးကာကွယ်ရေးစီမံချက်ကို စတင်ရေးဆွဲ၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အဆိုပြု တင်ပြခဲ့ပါသည်။

၁၅။    ဤဝန်ကြီးဌာနက အဆိုပါစီမံချက်ကို ဥပဒေအဖြစ် ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ၄ ကြိမ်အကြံပြုချက်တောင်းခံ၍ ၆ ကြိမ်တိုင်တိုင် ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂-၅-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် လုံခြုံရေး၊ တည်ငြိမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီ (၆/၂၀၁၈) အစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းဥပဒေမူကြမ်းကို ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းခဲ့ပါသည်။

၁၆။    ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့များ၏ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လှုပ်ရှား ဆောင်ရွက်မှုများမှာ ၂၀၁၆ ခုနှစ်တွင် ၇၆ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၃၄ ကြိမ်၊ ၂၀၁၈ ခုနှစ်၊ မေလအထိ ၁၂ ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

၁၇။     ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) ဗဟိုအဆင့် ကိုယ်စားလှယ်များသည် စတင်ဖွဲ့စည်းချိန်မှ ယခုအချိန်အထိ တာဝန်ယူဆောင်ရွက်ခဲ့ရာ အသက်အရွယ် ကြီးမြင့်လာခြင်း၊ ကျန်းမာရေးအရ အနားယူလိုကြခြင်းတို့ကြောင့် လက်ဆင့်ကမ်းဆောင်ရွက်မည့် ကိုယ်စားလှယ်များအား လွှဲပြောင်းတာဝန်ပေးအပ်ရန် လိုအပ်ချက်နှင့်အညီ တင်ပြလာသောကြောင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း ၁၀-၇-၂၀၁၈ ရက်နေ့တွင် ဗဟိုအဆင့် ကိုယ်စားလှယ်များအား ရွေးချယ်၍ ပြန်လည်ဖွဲ့စည်းပေးခဲ့ပါသည်။

၁၈။      သို့ဖြစ်ပါ၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) ဗဟို ပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်ချက် အကျဉ်းချုပ်အား အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန