Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 04, Saturday - August 2018
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ ဆောင်ရွက်ချက်များ

         

၁၉၈၀ ပြည့်နှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး အတွက် ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးပွဲကြီးတွင် "သံဃာ့ကိစ္စ သံဃာဆောင်ရွက်"ဟူသောမူနှင့်အညီ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။

            သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း(၂)၊ အပိုဒ် (၄)အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွင်း၌ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်းတစ်ခုတည်းသာရှိရမည် ဖြစ်ပြီး သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း(၂)၊ အပိုဒ်(၅)အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ထေရဝါဒသံဃာ့ဂိုဏ်းအသီးသီးမှ ရဟန်းသံဃာဟူသမျှသည် အဆိုပါသံဃာ့အဖွဲ့အစည်း အတွင်း၌ အလိုအလျောက် ပါဝင်ပြီးဖြစ်ပါသည်။

          သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂)၊ အပိုဒ်(၁၁)အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း သီတင်းသုံးနေထိုင်ကြသော ရဟန်းသာမဏေဟူသမျှသည် သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်းအရ ဖွဲ့စည်းသော သံဃနာယကတစ်ဖွဲ့ဖွဲ့နှင့် သက်ဆိုင်စေရမည်ဖြစ်ပြီး သီးခြားကင်းလွတ်၍ သီတင်းသုံးနေထိုင်ခွင့်မရှိပါ။နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ်(၈၁)အရ သံဃနာယကအဖွဲ့ တစ်ဖွဲ့ဖွဲ့၏ ကြီးကြပ်အုပ်ချုပ်မှုအောက်၌ သီတင်းသုံးနေထိုင်ရမည်ဖြစ်ပါသည်။

          သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ အခန်း(၂)၊ အပိုဒ်(၃)အရနိုင်ငံတော်သံဃမဟာ နာယကအဖွဲ့သည်ဖွဲ့စည်းခွင့်တောင်းခံလာသည့် ဘာသာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်းများကို သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်၏ ကြီးကြပ်မှုကို ခံယူစေပြီး ခွင့်ပြုနိုင်ပါသည်။ သို့သော် ၎င်း အဖွဲ့အစည်းများသည် နိုင်ငံရေးအဖွဲ့အစည်းများနှင့် ရောထွေးမှုမရှိစေရ။ သံဃနာယကအဖွဲ့အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသော ဘာသာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်းများကိုခွင့်မပြုရ။

          နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏  ညွှန်ကြားလွှာအမှတ် ၆၅၊ ၈၁၊ ၈၃၊ ၉၁၊ ၉၃၊ ၉၄ တို့အရ ရဟန်းသာမဏေများအနေဖြင့် ဘာသာရေးသက်သက်ဖြစ်သည့် ဂန္ထဓုရ၊ ဝိပဿနာဓုရကိုသာ ဆောင်ရွက်ပြီး နိုင်ငံရေးနှင့် လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်၊ အကြမ်းဖက်မှုများ မပြုလုပ်ရန်နှင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်ကြရန် ထုတ်ပြန်ခဲ့ပါသည်။

          နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သံ ဃနာယကအဖွဲ့၊ ရပ်/ကျေးသံဃနာယကအဖွဲ့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့သက်တမ်းကာလမှာ ၃၈နှစ်ရှိပြီဖြစ်ပါသည်။ ထိုကာလအတွင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အောက်ဖော်ပြပါသာသနာ့တာဝန်များကိုအောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီး သာသနာ့မှတ်တိုင် စိုက်ထူနိုင်ခဲ့ပါသည်-

          (က) ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးများကို ၅ ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပါသည်။

          (ခ)   ဗုဒ္ဓသာသနာတော်ကြီး ပျက်စီးစေမည့် သာသနာအန္တရာယ်၊ ဓမ္မန္တရာယ်ဖြစ်သည့် ကျောက် သင်္ဘောဝါဒ၊ လူသေလူဖြစ်ဝါဒ၊ ကြောင်ပန်းတောရဝါဒ၊ ကျောက်ပုံတောရဝါဒ၊ ရေတာရှည် ဦးမာလာဝရဝါဒ၊ ဓမ္မနီတိဝါဒ၊ မိုးညိုဝါဒ၊ ထွန်တုံးလက်ကျန်ဦးထင်ဝါဒ၊ တွံတေး ဦးပုညာစာရ၏သိမ်သမုတ်ခြင်းဆိုင်ရာဝါဒ၊ မော်လမြိုင်မြို့၊ ရွှေဝါမြိုင်ကျောင်း၊ နယ်သိမ်း သိမ်သမုတ်မှုဆိုင်ရာဝါဒ၊ စမ်းကလေးဝါဒ၊ မိုးကုတ်ဝိနစ္ဆယ၊ ဘိက္ခုနီဘာဝါဘာဝဝိနိစ္ဆယ၊ ပဋိစ္စသမုပ္ပါဒ်ဖြတ်လမ်း ၁၀ ရက်စခန်း အထူးသင်တန်းကျမ်း၌ပါရှိသော အမှားကြီး ၂ ရပ်၊ မိုးညှင်းမြို့ဦးခေမိန္ဒနှင့် ဦးဝိစိတ္တသာရာဘိဝံသ၏ဝါဒ၊ မြစ်ကြီးနားဦးဝိစိတ္တသာရာဘိဝံသဝါဒ၊ မိုးပြာဝါဒ၊ ၃၁ ဘုံထွက်လမ်း ဟောပြောချက်များ ဟူသော အဓမ္မဝါဒ ၁၈ ခုတို့ကို  ဓမ္မဝိနယ နှင့်အညီနိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များဖြင့် စစ်ဆေး၍ အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခဲ့ ပါသည်။

          (ဂ)   ယခုခေတ်တွင် အမျိုးသမီးများရဟန်းမ ပြုသင့် မပြုသင့်ကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ် အဖွဲ့က ပိဋကတ်တော်နှင့် လျော်ညီစွာ ဘိက္ခုနီဘာဝါဘာဝဝိနိစ္ဆယအဖြစ် ဆုံးဖြတ်ဆောင်ရွက် ခဲ့ပါသည်။

          (ဃ) ဗုဒ္ဓသာသနာ၏ အန္တရာယ်ဖြစ်သော ဉာဏစာဂီဝါဒ၊ ဆူးလေဦးမြင့်သိန်း၏ဝါဒ၊ ဦးမြတ်သိန်းထွန်း ၏ဝါဒတို့ကိုလည်း အဓမ္မဝါဒစွန့်လွှတ်ကြောင်းပဋိညာဉ်ပြု လက်မှတ်ရေးထိုးစေခဲ့ပါသည်။

          (င)   ဗုဒ္ဓသာသနာတော်ကို ဖျက်စီးမည့် ရဟန်းတု ရဟန်းယောင်များ၊ အလဇ္ဇီ ဒုဿီလ ရဟန်းဆိုးများနှင့် သမဏသာရုပ္ပမဖြစ်သော လုပ်ရပ်များ ကျူးလွန်ကြသည့် ရဟန်း သာမဏေများကို ဓမ္မစက်၊ အာဏာစက်တို့ဖြင့် ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ပါသည်။

          (စ)   ရဟန်းသာမဏေများနှင့် သာသနာ့နွယ်ဝင်သီလရှင်များအတွက် သာသနာဝင်မှတ်တမ်း ကတ်များ ပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

          (ဆ) သာသနာတော်ပြန့်ပွားရေးအတွက်ကမ္ဘာတွင် ရက်အရှည်ဆုံးနှင့် အခက်ခဲဆုံး အာဂုံရေးဖြေ ဖြေဆိုရသော တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၉၄၈ ခုနှစ် မှစ၍နှစ်စဉ်မပျက် ကျင်းပပေးခဲ့ရာ ၂၀၁၈ ခုနှစ်အထိ နှစ် ၇၀ အတွင်း တိပိဋကဓရ တိပိဋကကောဝိဒပိဋကသုံးပုံ အာဂုံရေးဖြေအောင် သာသနာ့အာဇာနည် ဆရာတော်ကြီး ၁၄ ပါးနှင့် တိပိဋကဓရအာဂုံအောင် ဆရာတော် ၈ ပါး ပေါ်ထွန်းအောင် စွမ်းဆောင် နိုင်ခဲ့ပါသည်။

          (ဇ)   ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲတို့ကို နှစ်စဉ်မပျက် ကျင်းပနိုင်ရေး ဦးဆောင် လမ်းညွှန်မှုပေးခဲ့ရာ ယခုအခါ ဓမ္မာစရိယစာဖြေဌာန ၅၂ ဌာန၊ ပထမပြန်စာဖြေဌာန ၂၄၂ဌာနအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် ဓမ္မာစရိယ ၃ ကျမ်းအောင် ၉၃၇ ပါး၊ ဓမ္မာစရိယ ၂ ကျမ်းအောင် ၉၄၄ ပါး၊ ဓမ္မာစရိယ ၁ ကျမ်းအောင် ၁၀၄၅ ပါး၊ပထမကြီးတန်းအောင် ၃၈၁၇ ပါး၊ ပထမလတ်တန်းအောင် ၄၉၇၉ ပါး၊ ပထမငယ်တန်းအောင် ၅၄၆၃ ပါး၊ အခြေပြုမူလတန်းအောင် ၉၉၀၀ ပါး ရှိခဲ့ပါသည်။

          (ဈ)  သာသနာ့အာဇာနည် တိပိဋကအောင် သံဃာတော်များအား ချီးကျူးဂုဏ်ပြုသည့် တိပိဋကဓရ တိပိဋကကောဝိဒချီးကျူးပူဇော်ပွဲ၊ ဓမ္မာစရိယ ၃ ကျမ်းအောင်ပုဂ္ဂိုလ်များနှင့် ပထမပြန် စာမေးပွဲတွင် အထူးအောင်ပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့် ဆက်ကပ်သည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားတို့ နှစ်စဉ်ကျင်းပနိုင်ရေး ညွှန်ကြား ဆောင်ရွက်ခဲ့ပါသည်။

          (ည) ၁၉၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အဘိဓဇမဟာရဋ္ဌဂုရု ၁၁၄ ပါး၊ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ၁၃  ပါး၊ အဂ္ဂမဟာပဏ္ဍိတ ၉၉၂ ပါး၊ မဟာဓမ္မကထိက ၁၂ ပါး၊ ဓမ္မကထိက ၆၃ ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၇၄၁ ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ ၉၈၂ ပါး၊ ဂန္ထဝါစကပဏ္ဍိတ ၆၄၇ ပါး၊ ပေါင်း ၃၅၆၃ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ၁၀၅ ပါး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ၇၆၄ ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ၇၁၂ ပါး/ဦး၊ သဒ္ဓမ္မဇောတိကဓဇ  ၆၄၄ ပါး/ ဦး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ၁၈၀ ပါး၊ မဟာကမ္မဋ္ဌာနာစရိယ ၁၇၅ ပါး၊ ကမ္မဋ္ဌာနာစရိယ ၁၀၃ ပါး၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ၄၁ ဦး၊ အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီ ၄၇ ဦး၊ သီရိသုဓမ္မမဏိဇောတဓရ ၆၈ ဦး၊ သီရိသုဓမ္မသိင်္ဂီ ၁၁၀ ဦး၊ သီဟသုဓမ္မ မဏိဇောတဓရ ၇၄ ဦး၊ သီဟသုဓမ္မသိင်္ဂီ ၁၀၆ ဦး၊ သုဓမ္မမဏိဇောတဓရ ၁၂၄ ဦး၊ သုဓမ္မသိင်္ဂ ၁၉၈ ဦး၊ ပေါင်း ၃၄၅၂ ပါး/ ဦး၊ စုစုပေါင်း ၇၀၁၅ ပါး/ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်/ ချီးမြှင့်နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

          (ဋ)   အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရနှင့် တိပိဋက ၃ ပုံအောင် ဆရာတော်များအား နိုင်ငံတော်ပိုင် ရထား၊ရေယာဉ်၊ လေယာဉ် အခမဲ့စီးနင်းခွင့်လက်မှတ်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ မဟာဓမ္မ ကထိကဘွဲ့၊ဓမ္မကထိကဘွဲ့ရ ဆရာတော်များနှင့် အနည်းဆုံး တိပိဋက ၁ ပုံအောင်ဆရာတော် များအားနိုင်ငံတော်ပိုင်ရထား၊ ရေယာဉ်အခမဲ့စီးနင်းခွင့်လက်မှတ်များ ဆက်ကပ်နိုင်ရေး ညွှန်ကြားဆောင်ရွက်ပေးခဲ့ပါသည်။

          (ဌ)   သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ရရှိကြသည့် သံဃာတော်များ၊ သီလရှင်ဆရာကြီး များနှင့် လူပုဂ္ဂိုလ်များအား တစ်လုံးတစ်ခဲတည်း အလှူတော်ငွေ၊ နှစ်စဉ် ဆွမ်းဆန်တော် အလှူငွေများနှင့် ချီးမြှင့်ငွေများ လှူဒါန်းရေး၊ တိပိဋကစာမေးပွဲ၊ ဓမ္မာစရိယစာမေးပွဲ၊ ပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲအောင်မြင်ကြသော သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား စာအောင်ဆုငွေနှင့် ကျမ်းစာအုပ်များ လှူဒါန်းရေး၊ တိပိဋကဓရ တိပိဋကကောဝိဒအောင် သံဃာတော်များအား နှစ်စဉ် ဆွမ်းဆန်တော်အလှူငွေ ဆက်ကပ်ရေးတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။      

          (ဍ)   သာသနာမထွန်းကားသေးသော နယ်စပ်နှင့်တောင်တန်းဒေသများတွင် သာသနာပြု ရဟန်းတော်များ စေလွှတ်ခြင်းများကို စီစဉ်ပေးခဲ့ပါသည်။

          ထေရဝါဒဗုဒ္ဓသာသနာတော်တွင်း၌ သီတင်းသုံးနေထိုင်ကြသော ရဟန်းသံဃာဟူသမျှသည် မြတ်ဗုဒ္ဓ ဟောဖော်ညွှန်ပြသည့် ဓမ္မဝိနယနှင့်အညီ ပိဋကတ်တော်များကို သင်ယူပို့ချဟောပြဆောင် ထားခြင်းဟူသော ဂန္ထဓုရ၊ သမထဝိပဿနာတရား ပွားများအားထုတ်ခြင်းဟူသော ဝိပဿနာဓုရဟူသည့် ဓုရနှစ်ဖြာကိုသာ ကျင့်သုံးရမည်ဖြစ်ပါသည်။

          သမဂ္ဂါနံ တပေါ သုခေါ ဟူသော ဒေသနာတော်နှင့်အညီ ရဟန်းသံဃာဟူသမျှ သမဏချမ်းသာကို ရရှိခံစားနိုင်ရေးအတွက် သံဃာတော်အချင်းချင်း စည်းလုံးညီညွတ်စွာ သီတင်းသုံးနေထိုင်ရမည် ဖြစ်ပါသည်။

          နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် မြတ်ဗုဒ္ဓ၏ဓမ္မဝိနယဒေသနာတော်၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ တည်ဆဲအစိုးရအဖွဲ့၏ အကူအညီကို ရယူ၍ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

          ဓမ္မစက်နှင့်အာဏာစက်တို့ လက်တွဲညီဆောင်ရွက်မှသာ သာသနာရေးကိစ္စများပြီးမြောက်အောင်မြင် နိုင်သဖြင့် "ရာဇာပဓာန" အရ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှု၊ အားပေးကူညီမှုသည် အဓိကဖြစ်သောကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် မည်သည့်အစိုးရအုပ်ချုပ်သည်ဖြစ်စေ အုပ်ချုပ်သောအစိုးရနှင့် သာသနာရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန