Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 30, Tuesday - April 2019
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ဖွဲ့စည်းနိုင်ရေးနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း

          မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်ကို ၁၉၅၃ ခုနှစ်တွင် ဟိန္ဒူဘာသာဝင်များ အချင်းချင်း ညှိနှိုင်း၍ ဟိန္ဒူဘာသာဝင်များဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနား ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ရာ အဖွဲ့ချုပ်အတွင်း အချင်းချင်း အဆင်မပြေမှုများ စတင်ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါကိစ္စများအား ဖြေရှင်းဆောင်ရွက်ရန် သာသနာရေးဝန်ကြီးဌာနက ၂၂-၁၁-၂၀၀၄ ရက်နေ့တွင် ဦးမောင်ရွှေ(ခ) မစ္စတာဘီအယ်ဂိုအင်ကာ ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် ၁၅ ဦးပါ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးအဖွဲ့ချုပ်(ယာယီ)ကို ဖွဲ့စည်းပေးခဲ့ပါသည်။ လုပ်ငန်း လိုအပ်ချက်အရ ၂၈-၁-၂၀၀၉ ရက်နေ့တွင် ဦးမောင်ရွှေ(ခ) မစ္စတာ ဘီအယ်ဂိုအင်ကာ ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် ၁၅ ဦးပါ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်အား ပြင်ဆင်ဖွဲ့စည်း ပေးခဲ့ပါသည်။

          သာသနာရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ ဥက္ကဋ္ဌ ဦးမောင်ရွှေ ခေါင်း​ဆောင်သော ဟိန္ဒူ ဘာသာရေးအဖွဲ့ချုပ်သည် ဟိန္ဒူဗဟိုကောင်စီ ဖွဲ့စည်းပုံစည်းမျဉ်းအသစ်ကို ရေးဆွဲပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၃၁-၁၀-၂၀၁၄ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။

          ထိုစည်းမျဉ်းသစ်အရ ယခုအခါ ဦးနန္ဒ ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် ၂၄ ဦးပါ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်ကို ၆-၁၂-၂၀၁၈ ရက်စွဲဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြင်ဆင်အတည်ပြုဖွဲ့စည်းပေးခဲ့ပြီး ဖွဲ့စည်းမိန့်တွင် –ဖွဲ့စည်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ဖွဲ့စည်းရန်—ဟု လုပ်ငန်းတာဝန် သတ်မှတ်ပေးခဲ့ပါသည်။ ယင်းသတ်မှတ်ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် သာသနာရေးဦးစီးဌာနက မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်သို့ ၉-၁-၂၀၁၉ ရက်စွဲပါစာဖြင့်လည်းကောင်း၊ ၂၈-၃-၂၀၁၉ ရက်စွဲပါ စာဖြင့်လည်းကောင်း အကြောင်းကြားခဲ့ပါသည်။

          မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)တို့အပြင် အခြားသော ဟိန္ဒူအသိုင်းအဝိုင်းမှ အများကြည်ညိုလေးစားသော ပုဂ္ဂိုလ်များ၊ ပညာတတ်များ၊ လုပ်ငန်းရှင်များ စသည့် ဟိန္ဒူဘာသာဝင် လူထုလူတန်းစားအသီးသီးတို့နှင့် ၃၀-၄-၂၀၁၉ ရက်နေ့မတိုင်မီ ဆွေးနွေးဆုံးဖြတ်ကြရန်နှင့် ဆွေးနွေးဆုံးဖြတ်ချက် ရလဒ်များနှင့် အကောင်အထည် ဖော်မည့် အစီအမံကို ပြန်လည်တင်ပြရန် ၉-၄-၂၀၁၉ ရက်စွဲပါစာဖြင့် သာသနာရေးဦးစီးဌာနမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)တို့ထံ အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

          ဟိန္ဒူဘာသာရေးဗဟိုကောင်စီ ပေါ်ပေါက်ရေးကိစ္စမှာ ဟိန္ဒူဘာသာဝင်များအားလုံး၏ တာဝန် ဖြစ်ပြီး မြန်မာနိုင်ငံဒေသအသီးသီးမှ ဟိန္ဒူမျိုးနွယ်စုများအလိုက် ကိုယ်စားလှယ်များ အစည်းအဝေး ခေါ်ယူ၍ ရွေးချယ်ပွဲကော်မရှင်ဖွဲ့စည်းခြင်း၊ ရွေးချယ်ပွဲပြုလုပ်ခြင်း၊ ဟိန္ဒူဘာသာရေး ဗဟိုကောင်စီ ဖွဲ့စည်းခြင်းတို့သည် ဟိန္ဒူလူမျိုးနွယ်စုများ၊ ဟိန္ဒူအသိုင်းအဝိုင်းတို့က ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။

          သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာဟိန္ဒူဘာသာရေးအဖွဲ့ချုပ်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)တို့မှ တာဝန်ရှိပုဂ္ဂိုလ်များအပြင် အခြားသောဟိန္ဒူအသိုင်းအဝိုင်းမှ အများကြည်ညို လေးစားရသော ပုဂ္ဂိုလ်များ၊ ပညာတတ်များ၊ လုပ်ငန်းရှင်များ စသည့် ဟိန္ဒူဘာသာဝင် လူထုလူတန်းစား အသီးသီးတို့က ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စဖြစ်ပြီး ဟိန္ဒူလူမျိုးနွယ်စုများ၊ ဟိန္ဒူအသိုင်းအဝိုင်းတို့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အများပြည်သူများ သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန